close

ဖာပွန်ခရိုင်တွင် ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ လေယာဉ်ဖြင့် တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နယ်မြေ ဖာပွန် (မူတြော်) ခရိုင်မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး ဒီဇင်ဘာ ၇ ရက် မနက်မှာ လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ထုတ်ပြန်ပါတယ်။ 

ဒီမနက် အစာပိုင်း ၄ နာရီလောက်မှာ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူးအားဒဲကျေးရွာအုပ်စု၊ ပေါထရွာကို လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျွဲအပါအဝင် ခြံမွေးတိရစ္ဆာန်တွေ သေဆုံးခဲ့တဲ့ အကြောင်းနဲ့ အရပ်သားတွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မူတြော်ခရိုင်၊  ဒွယ်လိုးမြို့နယ်မှာလည်း မယ်ဝေ (မဲဝိုင်) ကျေးရွာအုပ်စု၊ သပ်ဟောထာကျေးရွာထဲကို  ဒီဇင်ဘာ ၁ ရက် ည ၈ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ် ၁ လုံးနဲ့ အိမ်သုံးပစ္စည်းတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

ဖာပွန်မြို့၊ မထောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ စောဘိုစိုး နေအိမ် ထိမှန်ခဲ့ပြီး ဆိုလာပြားတချပ်၊ ထမင်းစားဆောင်နဲ့ ကျပ်ခိုးစင်ပါ ထိမှန်ပျက်စီးခဲ့သလို ကျေးရွာအနီးကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

သပ်ဟောထာကျေးရွာ ဒေသခံပြည်သူတဦးက “ကျနော်တို့ ရွာသားတွေက ဘာအပြစ်ရှိလို့လဲ။ ပြန်ခုခံစရာ ဘာလက်နက်မှမရှိတဲ့ လူထုတွေကို လက်နက်ကြီးတွေနဲ့ပစ်လိုက်၊ လေယာဉ်နဲ့ ဗုံးကြဲလိုက် လုပ်နေတာ နေ့စဉ်တိုင်းနီးပါးပဲ။ ဘာမှလုပ်စားလို့မရဘူး၊ ရွာကလူတွေ စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ကျနော်တို့ သားစဉ်မြေးဆက် ဒီဒုက္ခတွေ ဘယ်လောက်ခါးစည်းခံနေရဦးမှာလဲ” လို့ ပြောပါတယ်။

စစ်ကောင်စီက ကရင်ကျေးရွာတွေအတွင်းကို နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် အပြစ်မဲ့ အရပ်သားပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေရသလို လုပ်ငန်းခွင်ဝင်ရောက်ရာမှာ လက်နက်ကြီးထိမှန်မှာကို စိုးရိမ်နေရတဲ့အတွက် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီဟာ တပ်မဟာ ၇ ကလွဲရင် ကျန်နယ်မြေတွေအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး လှုပ်ရှားနေတဲ့အပြင် ကျေးရွာတွေအတွင်းကို ဝင်ရောက်မီးရှို့တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ပေါ်တာအဖြစ်ခိုင်းစေတာ၊ လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်တာ၊ လူအခွင့်အရေးအမျိုးမျိုး ချိုးဖောက်ကျူးလွန်နေတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ကေအန်ယူ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ မူတြော်ခရိုင်မှာ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၁၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၆၉ ဦးသေဆုံးကာ ၅၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်းဆိုပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူလူထုရဲ့ နေအိမ် ၁၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုရားကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ရကာ စစ်ကောင်စီတပ်ရဲ့ မြေမြုပ်မိုင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ကေအန်ယူ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up