close

မောင်တောတွင် ကျောင်းသူ ၁ ဦးနှင့် ဆိုင်ကယ်ကယ်ရီ ၁ ဦးတို့ကို မတရားအသင်း ဆက်သွယ်မှုဖြင့် အမှုဖွင့်

ဓာတ်ပုံ - ဖမ်းဆီးခံထားရတဲ့ မအေးမြတ်စန္ဒာ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းနယ်ခြားစောင့်စစ်ဆေးရေးဂိတ် နခစ(၇) တပ်ရင်းမှာ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသူတယောက်နဲ့ ဒေသခံဆိုင်ကယ်သမားတယောက်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)တို့နဲ့ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အခုအမှုဖွင့်ခံထားရတဲ့ ကျောင်းသူကတော့ မအေးမြတ်စန္ဒာ(၂၄နှစ်) နဲ့ ဆိုင်ကယ်သမား ကိုမောင်ကျော်(၂၈နှစ်) တို့ ဖြစ်ကြပြီး  ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ဖမ်းဆီးခံရတဲ့ နေ့ကနေ့ တလကျော်အထိ မိသားစုတွေနဲ့ တွေ့ခွင့်မရသေးပါဘူး။

မအေးမြတ်စန္ဒာရဲ့ မိသားစုဝင်တစ်ဦးက “ကျနော့်အစ်မနဲ့ ဆိုင်ကယ်သမား နှစ်ဦးစလုံးကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)နဲ့ အမှုဖွင့်ထားလို့ သတင်းတွေ ကြားရတာတွေရှိတယ်။ ကျနော်တို့အစ်မနဲ့ ဖမ်းထားတဲ့ နေ့ကတည်းက ဒီနေ့အထိ တွေ့ခွင့်မရကြသေးဘူး။ မိန်းကလေးဖြစ်တော့ ပိုပြီးစိုးရိမ်နေကြတယ်။ အမှုဖွင့်ထားပေမဲ့ ဘယ်နေ့မှာ ရုံးထုတ်သွားမယ်ဆိုတာတော့ မသိရသေးဘူး” လို့ပြောပါတယ်။

မအေးမြတ်စန္ဒာဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်လည်ဖြေကြားဖို့ ပြင်ဆင်နေသူတဦး ဖြစ်ပြီး ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ်မရှိတာကြောင့် ပြန်လွှတ်ပေးစေချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အခု ဖမ်းဆီးခံထားရတဲ့ မအေးမြစန္ဒာဟာ မင်းပြားမြို့နယ် ပြိုင်းတောကျေးရွာကဖြစ်ပြီး မောင်တောမြို့နယ် မင်္ဂလာညွှန်ကျေးရွာရှိအဒေါ်ဖြစ်သူထံ အလည်လာရောက်ရာက အပြန်မှာ မောင်တောမြို့နယ် အောင်သပြေဆိုင်ကယ်သမား ကိုမောင်ကျော်နဲ့အတူ ကြိမ်ချောင်းနယ်ခြားစောင့်တပ်ရင်း နခစ(၇)မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့ တကျော့ပြန်တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ လူမှုရေးတက်ကြွလှုပ်ရှားသူ အပါအဝင် အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၈၀ ကျော်သာ ပြန်လွှတ်ပေးသေးတယ်လို့ အေအေက ထုတ်ပြန်ထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up