close

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် ပြင်သစ်နှင့် မော်ရိုကိုတွေ့မည်

မနေ့ညနဲ့ ဒီမနက်အစောပိုင်းကန်သွားတဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွေမှာ ပြင်သစ်အသင်းနဲ့ မော်ရိုကိုအသင်းတို့ ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရပြီး ဆီမီးဖိုင်နယ်မှာ တွေ့ဆုံယှဉ်ပြိုင်က စားရမှာ ဖြစ်ပါတယ်။ 

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အစောဆုံး ကွာတားဖိုင်နယ် ပွဲစဉ်မှာ နာမည်ကြီး ပေါ်တူဂီဟာ မော်ရိုကိုအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ 

မော်ရိုကိုအသင်းဟာ ပထမပိုင်း ၄၂ မိနစ်မှာသွင်းတဲ့ အန်နက်စရီရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးတည်းနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားတာပါ။  

ပေါ်တူဂီက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့ပြီး ပေါ်တူဂီက ဂွန်ကာလို ရာမို့စ်နဲ့ ဘူရူနို ဖာနန်ဒက်စ်တို့ရတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။  ဒီပွဲမှာ ပေါ်တူဂီဘက်က ကန်သွင်းချက်တွေကို  မော်ရိုကို ဂိုးသမား ရာဆင်း ဘူနို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ 

ဒုတိယပိုင်း မိနစ် ၅၀ ကျော်ကျမှ  ရော်နယ်ဒို ပါဝင်ကစားသွားပေမယ့် ချေပဂိုး မသွင်းနိုင်ဘဲ အရှုံးပေး လိုက်ရပါတယ်။ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုအတွက် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားသက်တမ်းအတွင်း ပထမဆုံးအကြိမ် ချန်ပီယံဆု ရယူနိုင်ရေး အိမ်မက်တွေလည်း ပျက်ပြယ်သွားပါတယ်။ 

မော်ရိုကိုအသင်းဟာ ပထမဆုံးအကြိမ်အဖြစ် အာဖရိကအသင်းတွေထဲကနေ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ဒီနက်အစောပိုင်ကန်သွားတဲ့ ဥရောပ ထိပ်သီးနာမည်ကြီးနှစ်သင်းယှဉ်ပြိုင်တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ပြင်သစ်က အင်္ဂလန်ကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ 

လက်ရှိ ကမ္ဘာ့ ချန်ပီယံ ပြင်သစ်အတွက် ဦးဆောင်ဂိုးကို ကွင်းလယ်သမား ချဲရယ်မန်နီက သွင်းယူပါတယ်။ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ 

အင်္ဂလန်အတွက် ချေပဂိုးကို ဒုတိယပိုင်းအစမှာ ပင်နယ်တီကနေ တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူပါတယ်။ ဒီဂိုးဟာ ကိန်းဟာ လက်ရွေးစင်အသင်းအတွက် ၅၃ ဂိုးမြောက်ဖြစ်ပြီး ဝိန်းရွန်နီ တင်ထားတဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ 

ချေပဂိုးရပြီး နောက်ပိုင်း အင်္ဂလန် ကစားပုံ ပိုကောင်းလာပေမယ့် ၇၈ မိနစ်မှာ တိုက်စစ်မှုး ဂျရူးက သွင်းယူပါတယ်။ ၈၄ မိနစ်မှာ လူစားဝင်လာတဲ့ မေဆန်မောင်ကြောင့် အင်္ဂလန်အသင်း ဒုတိယအကြိမ် ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။

အဲဒီပင်နယ်တီကို တိုက်စစ်မှုး ဟယ်ရီကန်း အသုံးမချနိုင်လို့ ဒုတိယချေပဂိုးနဲ့ လွဲခဲ့ရပါတယ်။ အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အဆင့်ကနေ ၇ ကြိမ်မြောက် ထွက်ရတာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ လက်ရှိ ချန်ပီယံ ပြင်သစ်အသင်းဟာ မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး  မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းကတော့ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up