close

မန္တလေးတွင် ပျောက်ဆုံးနေသည့် ကလေးငယ် ၁ ဦး ၆ ရက်အကြာတွင် ပြန်ရှာတွေ့

photo- Han Myo Win

မန္တလေးမြို့မှာ ဒီဇင်ဘာ ၁၁ ရက်ကတည်းက ပျောက်ဆုံးနေတဲ့ အသက် ၅ နှစ်အရွယ် မောင်ဇွဲဝေယံထွန်းကို ဒီဇင်ဘာ ၁၆ ရက် မနက်က ပြန်ရှာတွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်ရက်က အဘွားဖြစ်သူရဲ့အိမ်မှာရှိနေချိန် ကလေးငယ် ပျောက်သွားခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက် မနက်ပိုင်းက မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၁လမ်း၊ ၃၀ x ၃၁ လမ်းကြားရှိ ကလေးငယ်‌မိဘအိမ်ရဲ့ အိမ်နီးချင်းတိုက်ခန်းမှာ အခန်းသော့ပိတ်လျက် အနေအထားနဲ့ ပြန်ရှာဖွေတွေ့ခဲ့တာလို့ ဆိုပါတယ်။

ကလေးငယ်ကို ခေါ်ဆောင်သွားသူဟာ မိဘတွေနဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက် ရှိနေသူလို့လည်း သိရပါတယ်။

ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက “နိုင်ငံတဝန်းကနေပြီး သားသားကလေးကို စေတနာ၊ မေတ္တာထားပြီး ပြန်တွေ့ဖို့ ဝိုင်းဝန်းဆုတောင်းပေးကြတဲ့ ကျေးဇူးရှင် မိဘပြည်သူများ အားလုံးကို ကျွန်တော်၊ ကျွန်မတို့ သားသားလေးတို့က ကျေးဇူးတင်ကန်တော့ပါတယ်၊ သားသားလည်း စိတ်ရောကိုယ်ရော ကျန်းကျန်းမာမာရှိပါတယ်” လို့ လူမှုကွန်ရက်မှာ‌ ရေးသားထားပါတယ်။

မိသားစုနဲ့ နီးစပ်သူတဦးက “သားသားမိဘတွေက မုန့်ဆိုင်ဖွင့်ထားတယ်။ အဲ့မှာ ကလေးကို ခေါ်ပြီး ဖွက်ထားတဲ့ အမျိုးသမီးက ‌မုန့်လာဝယ်ရင်း တခါက စကားများကြတာ။ နည်းနည်းကြာသွားပြီ၊ မေ့လောက်တော့မှ ဒီလိုဖြစ်တာ” လို့ ပြောပါတယ်။

ကလေးခေါ်ဆောင်သွားတဲ့ အသက် ၅၀ ခန့် အမျိုးသမီးမှာ သမီးနှစ်ဦးရှိတယ်လို့ သိရပြီး ကလေးငယ်ကို သူတို့နေထိုင်တဲ့ တိုက်ခန်းအပေါ်ထပ်က အခန်းတခန်းထဲမှာ သော့ခတ်ထားကာ အဆိုပါအမျိုးသမီးရဲ့ ယောက်ျားဖြစ်သူကိုတောင် အဝင်မခံတာကြောင့် ယောက်ျားက မသင်္ကာဖြစ်ပြီး  ပတ်ဝန်းကျင်ကို အကူအညီတောင်းရာမှ ကလေးငယ်ကို ပြန်လည်တွေ့ရှိခဲ့တာပါ။

ရပ်ကွက်နေသူတဦးက "သိသွားတာက အဲ့အိမ်က ကလေးပျောက်တဲ့နေ့ကတည်းက အထဲမှာ လူတွေရှိနေပြီး အမြဲတံခါးပိတ်ထားတာ။ ကလေးပျောက်တဲ့အကြောင်းလည်း လူမှုရေးအရ လုံးဝ လာမမေးဘူး။ ဒီမနက် ရဲနဲ့အတူ ဝင်ကြမှ အပေါ်ထပ်မှာ ကလေးကို မမြင်ရအောင် စောင်နဲ့အုပ်ထားတာကို တွေ့ခဲ့ရတယ်။ အော်သံမထွက်အောင် အနည်းငယ် ရိုက်ထားသေးတယ်တဲ့။ ကလေးက ကျန်းမာပေမဲ့ လူမလန်းဘဲ နုံးနေတဲ့ပုံ ပေါက်နေတယ်။ ဖမ်းခေါ်ထားတဲ့ အဒေါ်ကိုတော့ ရဲတွေ ချက်ချင်းခေါ်သွားကြပါပြီ” လို့ ပြောပါတယ်။

ကလေးခေါ်ဆောင်ဝှက်ထားတဲ့ အမျိုးသမီးက မိဘတွေဆီ Viber ကနေ ငွေကျပ် သိန်း ၃,၀၀၀ နဲ့ ပြန်ရွေးဖို့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပေမဲ့ အတည်မပြုနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ လူမှုကွန်ရက်ကနေ ကလေးသူငယ် လူပျောက်ရှာဖွေတဲ့ ကြော်ငြာတွေ ဒီဇင်ဘာ ၄ ရက်ကတည်းကတွေ့ရှိခဲ့ရပြီး ရန်ကုန်က ကလေးငယ် ၁ ဦး၊ မြဝတီမြို့နယ်က ၁ ဦးနဲ့ မန္တလေးတိုင်းထဲက ၂ ဦးတို့ဖြစ်ကာ ၁ ဦးသာ ပြန်တွေ့ရှိနေပြီး ကျန် ၃ ဦးကတော့ မတွေ့သေးဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up