တိုက်ပွဲပြင်းထန်ခဲ့သည့် နိုင်ငံအရှေ့ပိုင်းကို သမ္မတ ဇလန်းစကီး သွားရောက်ကြည့်ရှု

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မကြာသေးမီ သီတင်းပတ်တွေအတွင်း အပြင်းထန်ဆုံး တိုက်ပွဲတချို့ဖြစ်ခဲ့တဲ့ နိုင်ငံအရှေ့ပိုင်း ဘာ့ခ်မွတ်မြို့က ရှေ့တန်းတပ်တွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်းက ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ တခြားသူတွေဆီ လက်ခုပ်သြဘာသံ ကျယ်ကျယ်လောင်လောင်ပေးဖို့ ကာကီဝတ်စုံဝတ်ထားတဲ့ ဇလန်းစကီးက စစ်သားတွေကို ဆုတံဆိပ်တွေ ပေးဝေနေတဲ့ ဗီဒီယိုဖိုင်ကို ဒီဇင်ဘာ ၂၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတက စစ်သည်တွေရဲ့ “ခွန်အားနဲ့ လှုံ့ဆော်မှု” အတွက် ကျေးဇူးတင်ရှိပြီး သေဆုံးခဲ့သူတွေအတွက် တခဏ ငြိမ်သက်ခဲ့ကြပါတယ်။ အဝေးက ပေါက်ကွဲသံတွေကိုတော့ ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။
ဘာ့ခ်မွတ်မြို့အတွက် တိုက်ပွဲက ရှည်လျား ခက်ခဲနေတာပါ။ စစ်ကြိုကာလ လူဦးရေ ၇၀,၀၀၀ မှ ၈၀,၀၀၀ ရှိတဲ့ မြို့ကို ထိန်းချုပ်ထားနိုင်လို့ ရုရှားဟာ ပိုကြီးတဲ့ ယူကရိန်းမြို့ကြီးတွေဆီကို ချီတက်ဖို့ လှေကားထစ်တခုဖြစ်ပေမဲ့ ယူကရိန်းတပ်ဖွဲ့တွေက ခုအချိန်အထိ မြို့ကို ဆက်ထိန်းထားနိုင်နေပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ ၁၀ လကြာ ယူကရိန်းပဋိပက္ခမှာ လူပေါင်း သောင်းနဲ့ချီ သေဆုံးခဲ့ကာ သန်းနဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး မြို့တွေ ပြိုပျက်ခဲ့ရပါတယ်။