close

သနပ်ပင်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ အထက်ကျုံပါကျေးရွာမှာ ဒီဇင်ဘာ ၂၇ ရက် ည ၁၁ နာရီက ကြံ့ခိုင်ရေးပါတီဝင် တယောက်  သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။

“ညက သေနတ်သံတွေကြားလို့ ရွာထဲကို စစ်ကြောင်းဝင်တယ်ထင်လို့၊ မနက်မှသိတာ ဝေါဘက်က ကြံ့ဖွတ်ပါတီဝင်တဦး အပစ်ခံရတာ၊ ကိုပေသီးတို့ အိမ်ရှေ့ခုံကြားမှာ သေနေတာ။”

သေဆုံးသူမှာ ဝေါမြို့နယ် အရှေ့ဘက်ကမ်းမှာ နေထိုင်တဲ့ ကြံ့ခိုင်ရေးပါတီဝင် ဦးတင်မောင်ထွန်း ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ကျည်ထိမှန်ဒဏ်ရာတချက်နဲ့ သေနေတာ။ မျက်နှာကိုထိတာ။ သူ့ရဲ့ဘေးမှာ ဖဲရွက်တွေလည်း တွေ့တယ်။ ဖဲဝိုင်းကအပြန် အသတ်ခံရတာဖြစ်မယ်။”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေက လူနာတင်ယာဥ်ခေါ်ပြီး သေဆုံးသူအလောင်းကို သနပ်ပင်ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်က အထက်ကျုံပါကျေးရွာမှာ စစ်ဆေးနေပါတယ်။ ဝေါမြို့နယ်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ရောက်လာပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ရာ သေဆုံးသူ ဦးတင်မောင်ထွန်းလည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up