close

အင်းတော်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး မီးရှို့သဖြင့် နေအိမ်နှင့်ဆိုင်ခန်း ၃၀ ကျော် ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက် မနက်က ကချင်လွတ်မြောက်ရေးတပ် KIA၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ကာ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲဇာကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့  စစ်ကောင်စီတပ်နဲ့  KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ဟာ အလယ်ဆိပ်ကျေးရွာအနီးမှာ ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “မဲဇာဘက်ကတက်လာတဲ့ စစ်တပ်နဲ့ မနက် ၇ နာရီလောက်မှာ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲက သုံးနာရီလောက်ကြာတယ်။ တိုက်ပွဲဖြစ်ပြီး မြစ်ကြီးနားဘက်ကနေ တက်လာတဲ့ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတော့တာပဲ။ ဗုံးကြဲပြီးတော့မှ စစ်တပ်က မီးဝင်ရှို့တာ။ ကျနော်တို့လည်း တိုက်ပွဲမဖြစ်ခင်ကတည်းက ဘေးလွတ်ရာ ရှောင်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ကာ ကျေးရွာကို မီးရှို့ခဲ့တဲ့အတွက် အလယ်ဆိပ်ကျေးရွာက နေအိမ် ၂၆ လုံး၊ ဈေးဆိုင်ခန်း ၆ ခန်း၊ စာကြည့်တိုက် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်ကောင်စီဘက်က  သေဆုံး ထိခိုက်ဒဏ်ရာရသူတွေ များပြီး KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ကတော့ ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Indaw Revolution IR က သတင်းထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up