close

နှစ်လအတွင်း စစ်ကောင်စီတပ်က အရာရှိစစ်သည် ၇၀ ကျော်သေဆုံးဟု MNDAA ထုတ်ပြန်

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်လတာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူစစ်တပ်ဖွဲ့ဝင် အရာရှိစစ်သည် ၇၀ ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်က သတင်းထုတ်ပြန်ပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ချင်းရွှေဟော်မြို့နယ်အတွင်းက နမ့်ဖာတောင်မှာ တပ်စွဲထားတဲ့ MNDAA ကိုးကန့်တပ်စခန်းကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာလမှာ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီတပ်ဘက်က အရာရှိစစ်သည် ၅၀ ကျော်ကို သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၁ ရက်နဲ့ ၂၃ ရက်နေ့ နှစ်ရက်အတွင်း မုံးကိုးဒေသတိုက်ပွဲမှာလည်း နောက်ထပ်အယောက် ၂၀ ကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့တယ်လို့ ကိုးကန့်သတင်းဌာနက ဖော်ပြထားပါတယ်။

တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံး များတာကြောင့် ဒီဇင်ဘာလ ၂၆ ရက် မနက်ပိုင်းက မုံးကိုးဒေသ လိုင်ရင်နယ်မြေမှာရှိတဲ့ MNDAA ကိုးကန့်တပ်စခန်းတခုပေါ်ကို စစ်တပ်ကလေကြောင်းနဲ့ ဗုံးသီး ၁၀ လုံးနဲ့ နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် MNDAA တပ်သား ၁ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့လို့လည်း ထုတ်ပြန် ပါတယ်။

အခုဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဟာ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းက ကုန်သားကျေးရွာဘက်ကို ရုတ်တရက် လေကြောင်းချီ ထိုးစစ်ဆင်လာတာကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိအခိုက် အကျအဆုံး များတာကြောင့် စစ်တပ်ဟာ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ အသုံးပြုကာ လေကြောင်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူနေအိမ်တွေနဲ့ သာသနိကအဆောက်အဦတွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုနဲ့ လက်နက်ခဲယမ်းအင်းအား၊ စစ်သည်အင်အားစုဆောင်းတာတွေ ဆက်တိုက်ရှိနေပြီး အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ အရာရှိစစ်သည် ထိခိုက် ဒဏ်ရာရသေဆုံးမှုစာရင်းကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို အာဏာသိမ်း စစ်ကောင်စီတပ်ကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ မြန်မာနိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၈၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up