close

ဗြိတိန်ရှိ လေဆိပ်ဝန်ထမ်းများ သပိတ်အသစ် စတင်

ဗြိတိန်နိုင်ငံမှာ ငွေကြေးဖောင်းပွမှု မြင့်မားလာတာရဲ့ သက်ရောက်မှုကို ထေမိစေဖို့ သမဂ္ဂရဲ့ မြင့်မားတဲ့ လုပ်ခလစာတောင်းဆိုမှုကို အစိုးရက ပြတ်ပြတ်သားသား ပယ်ချခဲ့တာကြောင့် လေဆိပ် ဝန်ထမ်းတွေဟာ ဒီဇင်ဘာ ၂၈ ရက်မှာ သပိတ်ဆင်နွှဲခဲ့ပါတယ်။

လန်ဒန်ရှိ ဟိသ်ရိုးနဲ့ ဂတ်ဝစ်ခ်အပါအဝင် ဗြိတိန်လေဆိပ်အများအပြားရှိ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေလည်း သပိတ်မှောက်မှုမှာ ပါဝင်ခဲ့ပြီး မြင့်မားတဲ့ လုပ်ခလစာနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေလိုအပ်ချက်တွေအတွက် တောင်းဆိုခဲ့ကြပါတယ်။ 

ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်အထိ အစောပိုင်းသပိတ်မှောက်ခဲ့ကြပြီး ၂၈ ရက်မှာ စတင်တဲ့ သပိတ်အသစ်က နှစ်သစ်ကူးအကြိုအထိ ကြာမြင့်မယ် လို့ မျှော်လင့်ရပါတယ်။

ငွေကြေးဖောင်းပွမှု မြင့်မားတာနဲ့  လူနေမှုစရိတ်တွေ တဟုန်ထိုး တက်လာတာဟာ အလုပ်သမားတွေအပေါ် ဖိအားကြီးကြီးမားမားဖြစ်စေကြောင်း သမဂ္ဂဘက်က ပြောပါတယ်။

ကတိပြုထားတဲ့ လုပ်ခလစာ ညှိနှိုင်းမှုမှာ ကျေနပ်စရာ မရှိဘူးလို့ သမဂ္ဂ စည်းရုံးရေးမှူးတဦးက ပြောကြားလိုက်ပြီး အစိုးရက ညှိနှိုင်းဖို့ ငြင်းဆိုရင်တော့ သပိတ်က ၆ လလောက် ဆက်ဖြစ်သွားနိုင်တယ်လို့ သမဂ္ဂက သတိပေးထားပါတယ်။ 

နောက်ဆုံး အချက်အလက်တွေအရ ယူကေမှာ ငွေကြေးဖောင်းပွမှုဟာ ၁၀ ရာခိုင်နှုန်း အထက်မှာ ရှိနေပါသေးတယ်။ 

ဗြိတိသျှအစိုးရဟာ အစိုးရဝန်ထမ်းလခတွေ တိုးပေးလိုက်ပါက ငွေကြေးဖောင်းပွမှုကို မြင့်မားလာစေပြီး လုပ်ခစျေးနှုန်းတွေ တဖြည်းဖြည်း ထိုးတက်သွားမှာကို စိုးရိမ်တာကြောင့် အခုထိ ငြင်းဆန်နေတာဖြစ်ကြောင်း ပညာရှင်တချို့က ဝေဖန်သုံးသပ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up