ဗြိတိန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ထိုးနိုင်ရန် ထိုင်ဝမ်မျှော်လင့်

ထိုင်ဝမ်ဟာ ဗြိတိန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ မျှော်လင့်နေပြီး အသစ်ဖွဲ့စည်းထားတဲ့ အစိုးရနဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က တိုင်ပေမြို့ကို ရောက်နေတဲ့ ဗြိတိန်ကုန်သွယ်ရေးဝန်ကြီး ဂရက် ဟန်းစ်ကို နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။
ဗြိတိန်ဝန်ကြီးဟာ သူ့ရဲ့ ဒီခရီးစဉ်ကို ရပ်တန့်လိုက်ဖို့ တရုတ်ရဲ့ တောင်းဆိုမှုတွေကို ဖီဆန်ပြီး တိုင်ပေကို လာရောက်ခဲ့တာပါ။
တိုင်ပေမြို့ရှိ သမ္မတရုံးခန်းမှာ ကုန်သွယ်ရေးဝန်ကြီး ဂရက် ဟန်းစ်နဲ့ တွေ့ဆုံရာမှာ သမ္မတ ဆိုင်က ထိုင်ဝမ်ရဲ့ နိုင်ငံတကာ ပူးပေါင်းပါဝင်နိုင်မှုနဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဗြိတိန်ရဲ့ ရေရှည်ပံ့ပိုးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ဟာ ဗြိတိန်ကို အရေးကြီးတဲ့ ဒီမိုကရေစီမိတ်ဘက်အဖြစ် ရှုမြင်ထားတာပါ။
မကြာသေးခင်က ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် ဗြိတိန်က စိုးရိမ်ပူပန်ပေးခဲ့တဲ့အပြင် တရုတ်ရဲ့ ကန့်ကွက်မှုကြောင့် အများအားဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့်ကနေ ဖယ်ထုတ်ခံထားရတဲ့ ထိုင်ဝမ်ကို ဗြိတိန်က အားပေးထောက်ခံခဲ့ပါတယ်။
ဗြိတိန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့ ၂ နိုင်ငံဟာ အနီးကပ် စီးပွားရေးနဲ့ အလွတ်သဘော ဆက်ဆံရေးတွေ ရှိထားပြီး ဗြိတိန်ဟာ တိုင်ပေမှာ သံရုံးအဖြစ် အတိအကျ ဆောင်ရွက်ပေးတဲ့ de facto သံရုံးကို ထိန်းသိမ်းထားရှိပါတယ်။