close

ယခုနှစ်အတွင်း ဥရောပနိုင်ငံများမှ ရုရှားသူလျှို ၄၀၀ ကျော် နှင်ထုတ်ခဲ့

အခုနှစ်အတွင်း ဥရောပနိုင်ငံတွေကနေ  ရုရှားသူလျှိုလို့ သံသယရှိသူ အယောက် ၄၀၀ ကျော်ကို နှင်ထုတ်လိုက်ပါတယ်။

ဒါဟာ ဥရောပသမိုင်းမှာ ရာဇဝင်တွင်အောင် မော်စကိုကို ဆန့်ကျင်တဲ့ အထင်ရှားဆုံး ဗျူဟာမြောက် ထိုးနှက်ချက်ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်လည်း အကြီးအကျယ် အံ့အားသင့်သွားလောက်တယ်လို့  ဗြိတိန် ပြည်တွင်းထောက်လှမ်းရေး အကြီးအကဲက နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

လုံခြုံရေးဌာန (MI5) ညွှန်ကြားရေးမှူးချုပ် ကန် မက်ကောလ်လမ်က “ဒီနှစ်မှာ ဥရောပမှ ရုရှားအရာရှိ ၆၀၀ ကျော် အပါအဝင် ကမ္ဘာတဝန်းရှိ နိုင်ငံတွေကနေ နှင်ထုတ်ခံရသူ အများအပြားရှိပြီး အဲ့ဒီထဲက ၄၀၀ ကျော်က သူလျှိုတွေပါ” လို့ MI5 ရဲ့ လန်ဒန်ရုံးချုပ်မှာ ကျင်းပတဲ့ ဗြိတိန်အပေါ် ခြိမ်းခြောက်မှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာ မိန့်ခွန်း ပြောကြားထားပါတယ်။

“ဗြိတိန်မှာ သံတမန်အဖြစ် ရုရှားသူလျှို ၂၃ ဦးကို ဖယ်ရှားပြီးကတည်းက ရုရှားသံတမန်ဗီဇာ လျှောက်ထားမှု ၁၀၀ ကျော်ကို အမျိုးသားလုံခြုံရေးအရ ငြင်းဆိုထားပါတယ်။ ယူကေဟာ ရုရှား လျှို့ဝှက်လုပ်ဆောင်မှုတွေအတွက် အခက်ခဲဆုံး လည်ပတ်ရတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ပြင်းပြင်းထန်ထန် ဆက်လုပ်ဆောင်နေပါတယ်” လို့ သူက ပြောပါတယ်။

ကန် မက်ကောလ်လမ်က တရုတ်အာဏာပိုင်တွေဟာ အချိန်ကြာကြာ ရင်းနှီးထားပြီး တရုတ်ပြည်ရဲ့ လိုလားချက်အတွက် သဘောထားအမြင်တွေကို ခြယ်လှယ်ဖို့ အဆက်အသွယ်တွေ ပြုစုပျိုးထောင်လာတာကို တွေ့ရတယ်လို့ ပြောပါတယ်။

နိုင်ငံရေးအခင်းအကျင်းထဲက အထင်ကရ လွှတ်တော်အမတ်တွေသာမကဘဲ ထင်ရှားတဲ့ လွှတ်တော်အမတ်တွေကိုပါ ပူးပေါင်းရွေးချယ်ပြီး သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတာတွေလည်း တွေ့ရကြောင်းနဲ့ တရုတ်နိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်လာကြသူတွေကိုလည်း စောင့်ကြည့်ပြီး နှောင့်ယှက်တဲ့ ပေကျင်းရဲ့ ကြိုးပမ်းမှုတွေအကြောင်းကို ထပ်ခါတလဲလဲ သတိပေး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အီရန်ထောက်လှမ်းရေးတွေကလည်း တီဟီရန်ကနေ သူတို့ရန်သူလို့ သတ်မှတ်ထားတဲ့ ဗြိတိန်နိုင်ငံသားတွေ ဒါမှမဟုတ် ဗြိတိန်မှာ အခြေစိုက်တဲ့ လူပုဂ္ဂိုလ်တွေကို ပြန်ပေးဆွဲဖို့ သို့မဟုတ် သတ်ပစ်ဖို့ထိ ကြိုးပမ်းမှု ၁၀ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း မက် ကောလ်လမ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အီရန်မှာ လက်ရှိဆန္ဒပြမှုတွေက အာဏာရှင်အစိုးရရဲ့ အခြေခံပြဿနာတွေကို မေးမြန်းနေတာဖြစ်ပြီး ဒါဟာ လေးနက်တဲ့ အပြောင်းအလဲကို အချက်ပြနိုင်ပေမဲ့ လမ်းကြောင်းကတော့ မသေချာသေးပါဘူးလို့လည်း ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up