close

နှစ်သစ်ကူးပိတ်ရက် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေကို လာရောက်သူများပြား

ဧရာဝတီတိုင်းအတွင်းက ပင်လယ်ကမ်းခြေဒေသတွေဖြစ်တဲ့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေကို နှစ်သစ်ကူးရုံးပိတ်ရက်မှာ လာရောက်အပန်းဖြေ လည်ပတ်သူများတာကြောင့် ဟိုတယ်နဲ့ တည်းခိုခန်းတွေ လူပြည့်နေတဲ့အပြင် ရွာထဲက လူနေအိမ်တွေမှာပါ ငှားရမ်းပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ဒုတိယပတ်လောက်ကစတင်ကာ ခရီးသွားဝင်ရောက်မှု ပြန်လည် များပြားလာတာဖြစ်ပြီး နှစ်သစ်ကူးရုံးပိတ်ရက်အတွက် ဟိုတယ်နဲ့ တည်းခိုခန်းတွေကို အခန်းခ ပုံမှန်ဈေးနဲ့ နှစ်ဆကျော်ပေးပြီး အခန်းငှားတဲ့အပြင် ရွာထဲမှာရှိတဲ့ နေအိမ်တွေကိုပါ ရတဲ့ဈေးနဲ့ ငှားရမ်းလာတာလို့ ချောင်းသာမြို့ခံတဦးက ပြောပါတယ်။

“ခုရက်က ဧည့်သည်လာတာများတယ်။ ဒုတိယပတ်လောက်တည်းက များတာ။ အဲ့တုန်းကတော့ နေ့ချင်းပြန်လာတာ များတယ်။ ခုက ဟိုတယ်တွေမှာ အခန်းဈေး နှစ်ဆ ပေးငှားတာတောင် မရတော့လို့ ရွာထဲကအိမ်တွေမှာပါ ရတဲ့ဈေးနဲ့ ငှားနေတာ။”

နှစ်သစ်ကူးမတိုင်ခင် လာရောက်လည်ပတ်တဲ့သူတွေဟာ နေ့ချင်းပြန် လာရောက်လည်ပတ်သူ များပြီး နှစ်ကူးရက်မတိုင်ခင် ၃ ရက်ကစပြီး ညအိပ် လာရောက်တည်းခိုတဲ့သူတွေ ပြန်လည်များပြားလာတာလို့ ဆိုပါတယ်။

ချောင်းသာနဲ့ ငွေဆောင်ကို လာတဲ့ ခရီးသွားဧည့်သည်များတာကြောင့် ပုသိမ်-ရန်ကုန် ကားလမ်းဟာ ညောင်တုန်းမြို့၊ ပန်တိုင်စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းက စတင်ပြီး လမ်းပိတ်တာမျိုးတွေအထိ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမ်းခြေဒေသမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေရော ဒေသခံပြည်သူတွေရော စက်တင်ဘာလမတိုင်ခင်အထိ ဘာအလုပ်မှမရှိဘဲ နေခဲ့ရတာဖြစ်ပြီး စက်တင်ဘာလကျော်မှ ခရီးသွားဧည့်သည် ပြန်လည်ဝင်ရောက်လာသလို ခုကာလလိုမျိုး ခရီးသွားဧည့်သည် ဝင်ရောက်မှုကြောင့် ဒေသခံတွေ စားဝတ်နေရေး ပြေလည်စေမှာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကမ်းခြေဒေသက ပြည်သူတွေက စက်တင်ဘာလမတိုင်ခင်ထိ ဘာအလုပ်မှမရှိဘဲ နေခဲ့ရတာ။ ခုမှ နည်းနည်း ဧည့်သည်ပြန်ဝင်လာတာပေါ့။ ဧည့်သည်လာတာများတော့ ဒေသခံတွေ စားဝတ်နေရေး ပြေလည်လာသလို ကိုဗစ်ကာလက ရပ်နားထားတဲ့ ဝန်ထမ်းတွေလည်း အလုပ်ပြန်ရတာပေါ့။”

ခရီးသွားဧည့်သည်ဝင်ရောက်မှု ပြန်လည်များပြားလာတာဟာ ကမ်းခြေဒေသမှာရှိတဲ့ အခြေခံ လက်လုပ်လက်စား ဒေသခံပြည်သူတွေကို စားဝတ်နေရေး ပြေလည်စေတဲ့အပြင် ကိုဗစ်ကာလက ရပ်နားခဲ့ရတဲ့ ဟိုတယ်ဝန်ထမ်းတွေကို အလုပ်အကိုင် အခွင့်အလမ်း ပြန်လည်ရရှိလာစေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းက ကမ်းခြေဒေသတွေဖြစ်တဲ့ ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံး၊ တည်းခိုခန်း ၅၉ လုံးရှိပြီး ငွေဆောင်မှာ ဟိုတယ် ၃၃ လုံးနဲ့ တည်းခိုခန်း ၄၆ လုံးရှိကာ ကိုဗစ်ကာလမတိုင်ခင်က တနှစ်ကို ခရီးသွားဧည့်သည်ဝင်ရောက်မှု သိန်းနဲ့ချီရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up