close

ရနောင်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမား ၃၀ ဒဏ်ရာရ

ကိုချို(ထိုင်းဒေသတွင်းသတင်းဌာန)

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ မင်မြို့၊ ဘန်နော်ကျေးရွာနယ်မြေ ဝပ်ဘန်မရောက်ခင်မှာ ဒီဇင်ဘာ ၂၈ ရက် ည ၇ နာရီခွဲလောက်က မြန်မာအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ မီနီဘတ်စ်ကားတစီး ဘီးပေါက် တိမ်းမှောက်ခဲ့တဲ့အတွက် မြန်မာအလုပ်သမား အယောက် ၃၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဆိုပါ မီနီဘတ်စ်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၂၀ ဝန်းကျင်လို့ ကျိုချိုထိုင်းသတင်းဌာနက ဖော်ပြထားပေမဲ့ အမှန်တကယ် လိုက်ပါလာတဲ့ မြန်မာအလုပ်သမားက ၃၈ ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ ရှိတယ်လို့ ယာဉ်နဲ့အတူလိုက်ပါခဲ့တဲ့ မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာ၊ စစ်ကောင်စီက လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေကြောင့် နေရပ်စွန့်ခွာပြီး တရားဝင်နည်းလမ်းအပြင် တရားမဝင်နည်းလမ်းနဲ့ပါ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်းကို သွားရောက်ကြတာပါ။

ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်ခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၄၂,၇၀၀ ဦး ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပေမဲ့ အမှန်တကယ် ဖမ်းဆီးခံရသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က နိုဝင်ဘာလက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်းက အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အကြား လူငယ်တွေဟာ ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်း မရှိတဲ့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေ ပိုမိုများပြားလာတာလို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် လူတယောက်ကို ထိုင်းဘတ်ငွေ ၂၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ ပေးဆောင်ရပြီး ဝင်ရောက်လာသူတွေဟာ မဲဆောက်မြို့နယ်၊ တာ့ခရိုင်အတွင်း အများဆုံး ဖမ်းဆီးခံရပြီး ဖမ်းဆီးစဉ် ယာဉ်ကို မောင်းပြေးတာတွေကြောင့် ယာဉ်တိမ်းမှောက်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိသလို ကုန်တွေနဲ့အတူ ရောနှောလိုက်ပါလာစဉ်မှာ သေဆုံးသူတွေလည်း ရှိတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up