နယူးယောက်တွင် ကင်းလှည့်နေသည့် ရဲအရာရှိ ၂ ဦး တိုက်ခိုက်ခံရ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ရဲအရာရှိ ၂ ဦးဟာ နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ သတ်မှတ်ထားတဲ့ လုံခြုံရေးနယ်မြေ အပြင်ဘက်မှာ ကင်းလှည့်နေချိန် ဇန်နဝါရီ ၁ ရက်က ဓားနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီရဲအရာရှိ ၂ ဦးဟာ တောတွင်းသုံးဓားနဲ့ ခေါင်းကို တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပေမဲ့ လက်ရှိမှာ အခြေအနေ တည်ငြိမ်နေပြီး ဓားနဲ့တိုက်ခိုက်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသားကတော့ ဒီရဲအရာရှိ ၂ ဦးထဲက တဦးရဲ့ ပစ်ခတ်မှုကြောင့် ပခုံးမှာ သေနတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ နယူးယောက်မြို့ရဲတပ်ဖွဲ့ရဲ့ ရဲမင်းကြီးဖြစ်သူ ကီးချန့် စီးဝဲလ်က ပြောပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ ရဲအရာရှိတွေထဲက တဦးဟာ ရှစ်နှစ်ကြာ စစ်မှုထမ်းဟောင်းဖြစ်ပြီး ခေါင်းမှာ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့တာပါ။
ဒုတိယမြောက် ရဲအရာရှိကတော့ ဒီဇင်ဘာ ၃၀ ရက်ကမှ ရဲတပ်ဖွဲ့အကယ်ဒမီကနေ ကျောင်းဆင်းလာခဲ့သူဖြစ်ပြီး ခေါင်းမှာ ကြီးမားတဲ့ စုတ်ပြဲဒဏ်ရာနဲ့အတူ ဦးခေါင်းခွံ အက်သွားတာကြောင့် ဒီနှစ်ဦးစလုံးကို လောလောဆယ် ဆေးရုံတင်ထားရပါတယ်။
နယူးယောက်မြို့တော်ဝန် အဲရစ် အဒမ်က ဒီအရာရှိတွေရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့တဲ့အပြင် သူတို့ရဲ့တုံ့ပြန်မှုဟာ နယူးယောက်ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးအစီအစဉ်တွေနဲ့ ကိုက်ညီမှုရှိတယ်လို့ သတင်းစာရှင်းလင်းပွဲတခုမှာ မှတ်ချက်ပေးခဲ့ပါတယ်။