သြစတြေးလျတွင် မိုးသည်းထန်ပြီး စံချိန်တင်ရေကြီး

သြစတြေးလျနိုင်ငံ အနောက်ပိုင်းပြည်နယ်အတွင်း ကင်မ်ဘာလေဒေသမှာ မိုးသည်းသည်းထန်ထန်ရွာခဲ့လို့ ဇန်နဝါရီ ၃ ရက်က စံချိန်တင်ရေလွှမ်းခဲ့ပြီး နေအိမ်တွေနဲ့အတူ တောရိုင်းတိရစ္ဆာန်တွေလည်း ရေဘေးသင့်ခဲ့တဲ့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေက အဲ့ဒီဒေသမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
ကင်မ်ဘာလေဒေသက ဖစ်ဇ်ရွိုင်း ခရော့ဆင်း မြို့ငယ်လေးမှာ နေရာအနှံ့ ရေကြီးရေလျှံခဲ့လို့ လမ်းတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့အတူ နေအိမ်တွေလည်း ရေထဲမှာနစ်မြုပ်နေပြီး ရေနစ်မြုပ်နေတဲ့ သားပိုက်ကောင်ငယ်လေးတကောင်လည်း ဓာတ်ပုံထဲတွေ့ရပါတယ်။
ဖစ်ဇ်ရွိုင်းမြစ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ မနက်ပိုင်းက အမြင့် ၄၉ ဒသမ ၅ ပေအထိ စံချိန်တင်မြင့်တက်လာခဲ့ပြီး ဒါဟာ ၂၀၀၂ ခုနှစ်က စံချိန်တင်မြင့်တက်ခဲ့တဲ့ ၄၅ ဒသမ ၇၆ ပေ အတိုင်းအတာကို ကျော်ဖြတ်ခဲ့တာလို့ ဒေသခံမီဒီယာက ကြေညာပါတယ်။
ပြည်နယ်အစိုးရကတော့ ဒေသတွင်း အရေးပေါ်အခြေအနေ ကြေညာထားသလို ဖြစ်နိုင်ရင် မြို့ခံတွေအနေနဲ့ ဘေးလွတ်ရာကို ချက်ချင်းပြောင်းရွှေ့ဖို့ ဆော်သြထားပါတယ်။ ဇန်နဝါရီ ၄ ရက်အထိ ဆက်ပြီး ရေကြီးနေမယ်လို့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။