ရုရှားစစ်သားများ မိုဘိုင်းလ်ဖုန်းသုံးခဲ့သဖြင့် ယူကရိန်းတိုက်ခိုက်မှု ခံခဲ့ရပြီး ၈၉ ဦး သေဆုံး

ရုရှားထိန်းချုပ်ရာ ဒွန်းနက်စ်ခ်ဒေသရှိ စက်မှုမြို့တော် မာကိအစ်ဗ်ကာကို ယူကရိန်း တိုက်ခိုက်မှုကြောင့် ရုရှားစစ်သား ၈၉ ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်မှု ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းရင်းဟာ တပ်ဖွဲ့ဝင်တွေက မိုဘိုင်းလ်ဖုန်းတွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုတာကြောင့်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ဖြစ်ပျက်ခဲ့သမျှရဲ့ အဓိကအကြောင်းရင်းက ရန်သူ့လက်နက်တွေ လက်လှမ်းမီတဲ့ဇုန်အတွင်း မိုဘိုင်းလ်ဖုန်းတွေကို တားမြစ်ပိတ်ပင်ထားတာတွေကို ဆန့်ကျင်ပြီးတော့ ခလုတ်ဖွင့်ပြီး ကြီးကြီးမားမား အသုံးပြုမှုကြောင့် ဖြစ်ရတယ်ဆိုတာ သိပ်သိသာထင်ရှားနေတယ်” လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအချက်က ရန်သူကို ခြေရာခံနိုင်စေပြီး ရန်သူကို ဒုံးကျည်ပစ်လွှတ်ဖို့အတွက် စစ်သားတွေရဲ့ တည်နေရာ အတိအကျကို ကိုသြဒိနိတ်တွက်လို့ ရစေတယ်လို့လည်း ဆိုပါတယ်။
မာကိအစ်ဗ်ကာရှိ စစ်တန်းလျားတွေအသွင်ပြောင်းထားတဲ့ စာသင်ကျောင်း တကျောင်းပေါ်ကို နှစ်သစ်ကူးနေ့ ညသန်းခေါင်ကျော်မှာ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရုရှားအမျိုးသားရေးဝါဒီတွေနဲ့ လွှတ်တော်အမတ်တချို့ကို ဒေါသထွက်စေခဲ့ပြီး အဲဒီမှာသုံးတဲ့ စစ်ရေးဗျူဟာကို မေးခွန်းထုတ်ခဲ့ကြပါတယ်။
ရုရှားဟာ အစောပိုင်းက ရုရှားစစ်သား ၆၃ ဦး သေဆုံးခဲ့ကြောင်း ပြောကြားထားပါတယ်။
အမေရိကန်လုပ် HIMARS လောင်ချာတွေက ဒုံးကျည် ၄ စင်းဟာ အဆောက်အအုံကို ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ HIMARS ဒုံးပျံတွေရဲ့ ထိပ်ဖူးတွေက ဖောက်ခွဲမှုတွေကြောင့် အဆောက်အဦရဲ့ မျက်နှာကြက်တွေ ပြိုကျခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကော်မရှင်ဟာ တိုက်ခိုက်မှုရဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနေကြောင်း ဝန်ကြီးဌာနရဲ့ တယ်လီဂရမ်အက်ပ်က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။