close

ဆိပ်ဖြူတွင် စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် PDF ခေါင်းဆောင်အပါအဝင် ၈ ဦးကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇန်နဝါရီ ၂ ရက် ညနေပိုင်းက စစ်ကောင်စီကင်းပုန်းရဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး PDF ခေါင်းဆောင် အပါအဝင် ၈ ယောက် ကျဆုံးခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဆိပ်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းနဲ့ ချောက်-ဆိပ်ဖြူ လမ်းကြားမှာ ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီလောက်က နယ်မြေစိုးမိုးရေးသွားတဲ့ ဆိပ်ဖြူ ဘာမထီတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဘာမထီနဲ့ အမျိုးသမီးရဲဘော် ၄ ယောက် အပါအဝင် ရဲဘော် အယောက် ၂၀ လောက်ဟာ စစ်ကောင်စီကင်းပုန်းရဲ့ တိုက်ခိုက်တာကို ခံခဲ့ရလို့ ခေါင်းဆောင် ဘာမထီ အပါအဝင် ရဲဘော် ၈ ယောက် ကျဆုံးခဲ့ရတယ်လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ကိုပိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့တပ်ဖွဲ့ဝင်တွေသွားတဲ့လမ်းက လမ်းတစီးစာလောက်ပဲ သွားသာတဲ့လမ်းဖြစ်ပြီး သူတို့က လူတရပ်ခွဲလောက်မြင့်တဲ့ ကမ်းပါးပေါင်က ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့ကြတာ။ အယောက် ၂၀ လောက်သွားတာမှာ ၉ ယောက်က လွတ်မြောက်လာပြီး ၃ ယောက်က အရှင်အဖမ်းခံထားရတယ်လို့ သတင်းကြားတယ်။”

အဲဒီတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်အတွင်းမှာ သေနတ် ၇ လက်၊ ခဲယမ်းတွေ သိမ်းဆည်းခံခဲ့ရပြီး ဆိုင်ကယ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကိုပိုင်က ပြောပါတယ်။

ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ နယ်မြေရှင်းလင်းရေးလုပ်တော့ မီးရှို့ခံထားရတဲ့ ရုပ်ပျက်ဆင်းပျက် အလောင်း ၈ လောင်းတွေ့ရှိပြီး ခေါင်းဆောင် ဘာမထီကတော့ ပစ္စတိုနဲ့ ပြန်လည်ခုခံပြီး ရဲဘော်တွေကို ကယ်ထုတ်တဲ့အချိန်မှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“အဓိကတော့ လက်နက်အင်အားချင်းမမျှလို့ ကျနော်တို့ရဲဘော်တွေ အသက်ပေးလိုက်ရတာပါ။ ခေါင်းဆောင်မှာ ပစ္စတိုတလက်နဲ့ ကျန်တဲ့ရဲဘော်တွေမှာ လက်လုပ်သေနတ်တွေပဲ ပါတာဗျ။ မောင်းပြန်သေနတ် ၂ လက်လောက်သာ ပါခဲ့ရင် အခုလိုမျိုး ကျဆုံးမှာမဟုတ်ဘူး။”

အဲဒီတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့ရတဲ့ ဘာမထီတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဘာမထီ အပါအဝင် ရဲဘော် ၈ ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ဇန်နဝါရီ ၃ ရက် ညနေ ၅ နာရီလောက်မှာ စစ်ရေးပြအခမ်းအနားနဲ့ အမိန့်ပြန်ပြီး သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ပြောပါတယ်။

ဆိပ်ဖြူဘာမထီပြောက်ကျားတပ်ဖွဲ့အနေနဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားကြတဲ့ ခေါင်းဆောင် ဘာမထီ အပါအဝင် ကျဆုံးခဲ့တဲ့ ရဲဘော် ၈ ယောက်အတွက် လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်သလို စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ဆိပ်ဖြူမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၅၀၀ ကျော်လောက် မီးလောက်ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူ ၂,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up