close

ကြာအင်းဆိပ်ကြီးမြို့နယ်၌ တိုက်ပွဲပြင်းထန်၊ စစ်ဘေးရှောင်ရွာသားများ ပိတ်မိနေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့ကျေးရွာသူရွာသားတွေ တိုက်ပွဲကြား ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်စွန်းကျေးရွာနဲ့ အနီးတဝိုက်တွေမှာ လွန်ခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေ တောတွင်းကို တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတာပါ။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ တောင်စွန်းရွာသူတဦးက “ကျမတို့ တောင်စွန်းရွာ တရွာလုံးကတော့ တယောက်မှ နေလို့မရတော့ဘူး။ ဒီစစ်မှာ ကျမတို့ အတွင်းထဲမှာပဲ (ပုန်းခိုးကျင်း) နှစ်ရက်နဲ့တညနဲ့ ကျမတို့နေပြီး ကျမတို့မခံနိုင်တော့လို့ ဓမ္မဟေဝန်ဆရာတော်ဆီမှာ အကူအညီတောင်းပြီး ကျမတို့ကို ဆရာတော်ကူညီမှရတော့မယ်၊ ဆရာတော် မကူညီရင် ဒီလူတွေအကုန်လုံး သေကျေကုန်တော့မှာပဲ။ တောထဲပြေးတဲ့လူတွေကလည်း မစားရဘူးလေ။ ဆရာတော်ပြောတယ်၊ လာခဲ့ ငါ့ကျောင်းမှာ ငါစားသလိုစား ဆရာတော်ပြောတာ။ ဆရာတော် သူ့လူတွေကိုလွှတ်ပြီး လာခေါ်တဲ့အတွက် ဆရာတော်ကျေးဇူးတော် ကျမတို့ အသက်ရှင်နေရတယ်” လို့ ပြောပါတယ်။

တောင်စွန်းရွာကနေ ၃ မိုင်လောက် လမ်းလျှောက်ပြီးမှ ဆရာတော်က သူ့ကားနဲ့ လူလွှတ်ပြီး ကြိုခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဘုရားသုံးဆူမြို့ပေါ်က ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်းဆရာတော် အကူအညီနဲ့ စစ်ရှောင် ၅၀၀ လောက် အဲဒီကျောင်းကို ရောက်ရှိခိုလှုံနေကြပါတယ်။

စစ်ကောင်စီတပ်ရင်း ခလရ ၂၈၃၊ ၂၈၄၊ ၃၂ တပ်ရင်း ၃ ခုကို KNLA ပူးပေါင်းမဟာမိတ်အဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၄ ရက် မနက်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီလို ပူးပေါင်းတိုက်ခိုက်မှုမလုပ်ခင် တောင်စွန်းကျေးရွာအနီးတဝိုက်မှာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူမြို့ကြား ကားလမ်းပိတ်လိုက်တာကြောင့် ပိတ်မိနေသူတချို့ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူချကိုယ်ချတော့ လမ်းပိတ်သွားတာပေါ့ဗျာ။ ဒေသခံတွေအခက်ကတော့၊ သုံးဆူကတော့ အခက်အခဲမရှိဘူး။ ဒါပေမဲ့ ပြဿနာက ကေအန်ယူနဲ့ PDF နဲ့ပေါင်းပြီး ဟိုမှာချနေတာလေ။ ဆိုတော့ လမ်းက လုံးဝ ကားသွားလို့မရတော့ဘူး။ ဒီနေ့ကတော့ ဟယ်လီကော်ပတာ ၃ စီး လာပစ်တယ်။ ဟယ်လီကော်ပတာ ၃ စီးနဲ့ ၆ ကြိမ် လာပစ်သွားတယ်။”

စစ်ကောင်စီရဲ့ ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၂ ဦး သေဆုံးသွားတယ်လို့လည်း အဆိုပါဒေသခံက ပြောပါတယ်။

ဒီကနေ့အထိလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ကေအန်ယူ ပူးပေါင်းတပ်တွေက စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ များနေတယ်လို့ ကေအန်ယူသတင်းက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up