close

ဒဂုံအရှေ့စက်မှုဇုန်ရှိ သတ္တုအရည်ကျိုစက်ရုံတွင် ပေါက်ကွဲမှုဖြစ်၊ ၁ ဦးသေ ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်ရှိ တုံဟုန်သတ္တုအရည်ကျိုစက်ရုံမှာ ဇန်နဝါရီ ၆ ရက် ဒီနေ့မနက် ၉ နာရီက မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်းတဦး သေဆုံးကာ တဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁၁၁ ရပ်ကွက်မှာရှိတဲ့ တုံဟုန် သတ္တုအရည်ကျိုစက်ရုံမှာ အရည်ကျိုဖို့အတွက် သံအပိုင်းအစတွေ ဖြတ်တောက်စဥ် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကြားကြားချင်း ဗုံးပေါက်တယ်ထင်လို့၊ နောက်မှသိတာ သံတွေအရည်ကျိုဖို့ ပစွည်းတွေဖြတ်နေတုန်း ဂက်စ်အိုးပါလာတာမသိဘူး၊ အဲဒီဂက်စ်အိုးက ထပေါက်တယ်လို့ ပြောတယ်။”

ပေါက်ကွဲမှုကြောင့် စက်ရုံဝန်ထမ်းနှစ်ဦးအနက် တဦးမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေရရှိကာ သေဆုံးခဲ့ပြီး ကျန်တဦးမှာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ စက်ရုံအနီး နေထိုင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တဦးကတော့ ပွဲချင်းပြီးပဲ၊ တဦးက လက်နှစ်ဖက်လုံး ကျိုးကြေနေတယ်။ သူလည်း ဒဏ်ရာအတော်များတာပဲ၊ အခြေအနေမကောင်းဘူး။”

လတ်တလောမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူကို လူနာတင်ယာဥ်နဲ့ ပရဟိတသမားတွေက ဆေးရုံကို ခေါ်ဆောင်သွားပြီး ပေါက်ကွဲမှုနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်တွေက စက်ရုံမှာ စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up