မက္ကဆီကိုတွင် မြေအောက်ရထား မတော်တဆမှုကြောင့် ၁ ဦးသေဆုံး၊ ၆၀ ခန့် ဒဏ်ရာရ

မက္ကဆီကိုနိုင်ငံမြို့တော် မက္ကဆီကိုစီးတီးက မြေအောက်ရထားလမ်းမှာ ရထားမတော်တဆမှု ဖြစ်ပွားခဲ့တာကြောင့် ဇန်နဝါရီ ၇ ရက်အစောပိုင်းမှာ လူ ၁ ဦး သေဆုံးပြီး ၅၇ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။
မတော်တဆမှုအတွင်း သေဆုံးခဲ့သူဟာ အမျိုးသမီးငယ်တဦး ဖြစ်တယ်လို့ မြို့အာဏာပိုင်တွေက ဆိုပါတယ်။
မြေအောက်ရထားလမ်းကြောင်း ၃ ပေါ်က ရထားတွဲမှာ ပိတ်မိနေတဲ့ တခြားလူ ၄ ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
"အဆိုးရွားဆုံးအခြေအနေမှာ ရှိနေတဲ့သူက ဒီရထားမောင်းသူပါ" လို့ မြို့တော်ဝန် ကလော်ဒီရာ ရှိုင်းဘောင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မက္ကဆီကို အရေးပေါ်လုပ်သားတွေဟာလည်း ဒီကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့ကြသလို အခင်း ဖြစ်ပွားရာ နေရာတဝိုက်မှာ ရဲတွေနဲ့အတူ အရေးပေါ်လူနာတင်ယာဉ်တွေကိုလည်း တွေ့ရပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံတွေဆီ ခေါ်ဆောင်သွားကြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီမြေအောက်ရထားလမ်းစနစ်မှာပဲ မတော်တဆမှုပုံစံအမျိုးမျိုး ဖြစ်ပွားခဲ့ပါတယ်။
အဆိုးရွားဆုံးတခုကတော့ ၂၀၂၁ ခုနှစ်၊ မေလမှာ ဖြတ်ကျော်ရထားလမ်းတခုက မြေအောက်ရ ထားလမ်းကြောင်း ၁၂ အပေါ် ပြိုကျခဲ့တာကြောင့် လူ ၂၆ ဦး သေဆုံးခဲ့ရသလို အယောက် ၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။