close

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်သေဆုံး

ဇန်နဝါရီ ၁၁ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့တွေက မိုင်း ၆ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြပြီး မုံရွာမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီ လှေ ၁ စီးကို PDF တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်မှာတော့ စစ်ကောင်စီရေယာဉ်ကို PDF တပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့ကြပြီး ချောင်းဦးမြို့နယ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေကို PDF တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့ကာ အမရပူရမြို့နယ်မှာလည်း ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီ ယာဉ်တန်းကို PDF တပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ ရေးမြို့နယ်မှာတော့ စစ်ကောင်စီ ရဲစခန်းကို PDFတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပြီး ပုလောမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ် ခဲ့ကြတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up