close

ရေစကြိုမြို့နယ်လဝကရုံး မီးရှို့ခံရ၊ ပေါက်မြို့နယ် ဒေသခံ ၁ ဦးကို စစ်တပ်က စွပ်စွဲဖမ်းဆီး

မကွေးတိုင်း၊ ရေစကြိုမြို့နယ် လဝကရုံးကို ဇန်နဝါရီ ၁၂ ရက် ဒီမနက်အစောပိုင်း ၁ နာရီက ဝင်ရောက်မီးရှို့ခဲ့ပြီး ရုံးအတွင်းက ရုံးဝန်ထမ်း ၅ ယောက်ကို CDM မှာပါဝင်ဖို့ တိုက်တွန်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “စစ်ကောင်စီတပ်ကပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကောက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရလို့ လဝကရုံးကို မီးရှို့ခဲ့တာပါ။ မှတ်ပုံတင်လုပ်တဲ့ ပြည်သူတွေကိုလည်း မတရား ပိုက်ဆံကောက်ခံလို့ ကျနော်တို့ မီးရှို့ခဲ့တာပါ” လို့ ပြောပါတယ်။

ရေစ​ကြိုမြို့နယ် လဝကရုံးအတွင်း ဝင်ရောက်ပြီး စာရွက်စာတမ်းထားတဲ့ အဆောင်တွေနဲ့ စာရွက်စာတမ်းတွေ ဘာမှမကျန်​အောင်ထိ ရှို့ခဲ့တာလို့ ပြောပါတယ်။

လဝကရုံးအတွင်းနေထိုင်တဲ့ ရုံးဝန်ထမ်း ၅ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး CDM မှာ ပါဝင်ဖို့ တိုက်တွန်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်ရဲစခန်းကနေ သေနတ်တွေ ပစ်ဖောက်ခဲ့ပေမဲ့ မိုးလင်းတဲ့အထိ လဝကရုံးကို မီးလာမငြှိမ်းဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်က ရွေးကောက်ပွဲပြုလုပ်ဖို့ မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ Non CDM ဝန်ထမ်းတွေ ဦးဆောင်ပြီး မဲစာရင်းအတွက် အိမ်ထောင်စုစာရင်းတွေ ကောက်ခံနေတယ်လို့ သိရပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်မှာတော့ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက ဒေသခံပြည်သူတယောက်ကို PDF နဲ့ ဆက်စပ်သူလို့ စွပ်စွဲပြီး စစ်အုပ်စုတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ်၊ ခင်တန်းရှည်ရွာကနေ ပေါက်မြို့ကို ခြေလျင်လျှောက်လာတဲ့ ကိုပြည့်စုံကို မနေ့က ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ အပေါင်းအပါတွေက PDF နဲ့ဆက်စပ်သူ၊ PDF သတင်းပေးလို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတာလို့ ပေါက်မြို့ဒေသခံတယောက်က ပြောပါတယ်။

သူ့ကို ပေါက်မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားပြီး ရိုက်နှက်နှိပ်စက်ပြီး စစ်ဆေးမေးမြန်းနေတယ်လို့ အတွင်းသတင်းပေးတွေဆီကနေတဆင့် စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ် သရက်တောဂိတ်မှာ စစ်သားတွေနဲ့ အပေါင်းအပါတွေ အထိုင်ချပြီး ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေကို မကြာခဏ ဖမ်းဆီးနေသလို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ကန့်သတ်တားမြစ်ထားပြီး ပြည်သူတွေဆီက မတရား ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up