close

မူဆယ်၊ နမ့်ခမ်းအိမ်ထောင်စုရှိ ၆ ဘီးကားသမားများကို နယ်စပ်ဖြတ်ကျော်စာအုပ် စတင်လုပ်ပေး

တရုတ် - မြန်မာ နယ်စပ်၊ မူဆယ် မန့်ဝိန်း - ကျယ်ဂေါင် နှစ်နိုင်ငံကုန်သွယ်ရာဂိတ် ဖွင့်လှစ်ပြီးနောက် ဇန်နဝါရီ ၁၅ ရက်ကစပြီး မူဆယ်ခရိုင် လဝကရုံးမှာ မူဆယ်၊ နမ့်ခမ်း အိမ်ထောင်စုရှိ ၆ ဘီးကားသမားတွေကို နယ်စပ်ဖြတ်ကျော် စာအုပ် စတင်လုပ်ပေးနေပြီလို့ နီးစပ်သူတွေဆီက သိရပါတယ်။ 

"ဟုတ်တယ်။ မူဆယ်၊ နမ့်ခမ်း အိမ်ထောင်စု ကားသမားတွေပဲနော်။ လူဝင် လူထွက်က မရသေးတာ။ ကားသမား အတွက်က ထုတ်ပေးနေပြီ။ ခရိုင် လဝက က" လို့ ခရိုင်လဝက နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက် မနက် ၇ နာရီကစလို့  မူဆယ် မန့်ဝိန်း - ကျယ်ဂေါင် ဂိတ်ဖွင့်လှစ်လိုက်ပြီး ဇန်နဝါရီ ၁၅ ရက်မှာတော့ တရုတ်ကို ကုန်တင်ပို့မယ့် ၆ ဘီး ကားသမားတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် လုပ်ပေးနေပေမယ့် မူဆယ် နဲ့ နမ့်ခမ်း မြို့နယ်တွေထဲက အိမ်ထောင်စုစာရင်း ရှိသူတွေကိုသာ လုပ်ပေးသေးတယ်လို့ ဆိုပါတယ်။  

"Passport က ကားသမားတွေ အတွက်ပဲ အရင်လုပ်ပေးတာ။ မူဆယ်၊ နမ့်ခမ်း အိမ်ထောင်စု ပုံစံ ၁၀ နဲ့။ မူဆယ် နမ့်ခမ်းက လူတွေပဲ အရင် လုပ်ပေးသေးတာ။ အပြင်လူမရသေးဘူး။ လူဝင်လူထွက် မရသေးဘူးလေ။ စာအုပ်အနီ၊ Bp စာအုပ်လေ။ Border Pass တွေ။ မနေ့က စတာ" လို့ သူက ရှင်းပြပါတယ်။ 

နှစ်နိုင်ငံ လူဝင်၊ လူထွက် အဓိက ထားတဲ့ နန်းတော် (အလယ်ပေါက်) ဂိတ်နဲ့ ဆင်ဖြူဈေးဂိတ်တွေ လည်း မဖွင့်သေးသလို နှစ်နိုင်ငံ လူဝင်၊ လူထွက်လို့ မရသေးတာဖြစ်ပြီး ၈ ဘီး အထက် ကုန်ကားတွေကတော့ ဝင်မရဘူးလို့ နယ်စပ်ဒေသခံ တဦးက ပြောပါတယ်။ 

"ဆင်ဖြူက ဝင်လို့မရဘူး။ မန့်ဝိန်းပဲရတာ။ သူက ၆ ဘီး ယာဉ်တွေပဲပေါ့။ ကားကြီးတွေက မရသေးဘူး။" 

၂၀၂၁ ခုနှစ် မတ်လကပြီး ကိုဗစ်-၁၉ အကြောင်းပြချက်နဲ့ နှစ်ချီကြာ ပိတ်ထားခဲ့တဲ့ မူဆယ် မန့်ဝိန်း - ကျယ်ဂေါင် ဂိတ်ကို  ဇန်နဝါရီ ၁၄ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီ ဂိတ်ကနေ ယာဉ်နဲ့ ကုန် ၁၆ တန်အောက် ယာဉ်တွေ၊ ၆ ဘီးကားတွေသာ ဝင်ထွက်ခွင့်ပြုတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up