close

ထိုင်းတွင် ဆင်းရဲသည့်မြန်မာကလေးမိခင်တဦး 7-Eleven ဆိုင်တွင် ပစ္စည်းခိုးယူမှုဖြင့် ဖမ်းဆီးခံရ၊ ထိုင်းရဲက အလှူငွေပေးအပ်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ ကလေးငယ်တယောက်ကို ချီထားတဲ့ မြန်မာအမျိုးသမီးတဦး 7-Eleven စတိုးဆိုင်ထဲ ဝင်ရောက်ပစ္စည်းခိုးမှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဇန်နဝါရီ ၁၄ ရက်မှာ စတ်တဟစ်ရဲစခန်းက ထုတ်ပြန်ပါတယ်။ 

ဇန်နဝါရီ ၁၃ ရက်၊ ည ၁၀ နာရီခွဲလောက်က  ချွန်ဘူရီခရိုင် စတ်တဟစ်ဒေသရှိ 7-Eleven စတိုးဆိုင်မှာ တနှစ်သားအရွယ် ကလေးငယ်တဦးကို ချီထားတဲ့ မြန်မာအမျိုးသမီးတဦးဟာ ၁၇၃ ဘတ်ငွေ တန်ဖိုးရှိတဲ့ ကလေးအနှီးခံ (pamper) ၂ ထုပ်နဲ့ မာမားခေါက်ဆွဲဘူး နှစ်ဘူးတို့ကို အတူပါလာတဲ့ အစိမ်းရောင်အိတ်ထဲသို့ ထည့်ကာ ခိုးယူဖို့ ကြိုးစားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ရေးသားဖော်ပြပါတယ်။

မြန်မာအမျိုးသမီးက ပစ္စည်းတွေခိုးယူနေတာကို 7-Eleven ဆိုင် ဝန်ထမ်းတွေက သိသွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကို အကြောင်းကြားကာ စတ်တဟစ်ရဲစခန်းကို ခေါ်ယူစစ်ဆေး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာအမျိုးသမီးတဦး ဖြစ်တဲ့ မနန်းဒေါင်ဟာ အသက် ၂၆ နှစ်အရွယ် ရှိပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်က ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းနဲ့ ဝင်ရောက်လာခဲ့ပြီး ယောက်ျားဖြစ်သူနဲ့အတူ နေထိုင်ကာ ကလေးမွေးဖွားခဲ့ပြီးနောက် ယောက်ျားဖြစ်သူရဲ့ စွန့်ပစ်သွားခြင်းခံခဲ့ရတယ်လို့ ဝန်ခံထားပါတယ်။

သူဟာ ကလေးငယ်တယောက်နဲ့အတူ အကာအကွယ်မဲ့ကာ အလုပ်အကိုင်မရှိလို့ လမ်းဘေးနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေ့စဉ် တောင်းရမ်းစားသောက်ပြီး အသက်ရှင်နေခဲ့ရတယ်လို့ ပြောပါတယ်။ 

မနန်းဒေါင်ဟာ ကလေးအနှီးဝတ်ဖို့နဲ့ အသက်ဆက်ရှင်ဖို့ စားစရာတွေ လိုအပ်လာတာကြောင့် 7-Eleven ဆိုင်ရှေ့ကို လမ်းလျှောက်လာခဲ့ပြီး စားစရာတချို့ ဝင်ရောက်ခိုးယူခဲ့စဉ် ဆိုင်ဝန်ထမ်းတွေက တွေ့ရှိပြီး ရဲစခန်းကို ပို့ဆောင်ခံခဲ့ရတာပါ။

စတ်တဟစ်ရဲစခန်းမှ ဒုရဲမှူးကြီးက အခြေအနေအသေးစိတ်ကို ကြားသိခဲ့ရပြီး ကလေးနဲ့ မိခင်အတွက် နို့နဲ့ အစားအသောက်တွေ ဝယ်ယူဖို့ အလှူငွေပေးအပ်ခဲ့ကာ ကလေးငယ်ကို ကူညီစောင့်ရှောက်ဖို့ ကလေးနဲ့ လူငယ်ကာကွယ်စောင့်ရှောက်ရေးဌာနမှ ဝန်ထမ်းတွေကို ညွှန်ကြားခဲ့ပါတယ်။

မြန်မာအမျိုးသမီးကတော့ ပစ္စည်းခိုးယူမှုကြောင့် တာဝန်အရ ငြင်းပယ်လို့မရဘဲ ဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး နေရပ်ပြန်ပို့ခံရမှာဖြစ်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up