close

FBI က ဟက်ကာဂိုဏ်းကို ဖောက်ထွင်းဝင်ရောက်ပြီး ငွေညှစ်ခံနေရသူများကို ကယ်ဆယ်

ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဟာ Hive ransomware အဖွဲ့လို့ လူသိများတဲ့ ဟက်ကာဂိုဏ်းကို ဖောက်ထွင်းဝင်ရောက်ပြီး သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို နှောင့်ယှက်ကာ သူတို့ရဲ့သားကောင် ငွေညှစ်ခံနေရသူတွေကို ကယ်ဆယ်ခဲ့တယ်လို့ အမေရိကန် အကြီးတန်းအရာရှိတွေက ဇန်နဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

အမေရိကန်ရှေ့နေချုပ် မားရစ်ခ် ဂါးလန်းဒ်က“အမေရိကန်တရားရေးဌာနဟာ မနေ့ညကပဲ အမေရိကန်နဲ့ ကမ္ဘာတဝန်းက သားကောင်တွေဆီကနေ ဒေါ်လာသန်းရာနဲ့ချီ ခြိမ်းခြောက်ငွေညှစ်ဖို့ ကြိုးပမ်းတဲ့ နိုင်ငံတကာ ransomware ကွန်ရက်ကို ဖျက်သိမ်းလိုက်ကြောင်း လာရောက်ကြေညာတာပါ” လို့ ပြောပါတယ်။

အမေရိကန်ရှေ့နေချုပ် မားရစ်ခ် ဂါးလန်းဒ်၊ FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာ ရေးနဲ့ ဒုတိယအမေရိကန်ရှေ့နေချုပ် လီဆာ မိုနာကတို့ ပူးတွဲကြေညာချက်ထဲမှာ အစိုးရဟက်ကာတွေဟာ Hive ရဲ့ ကွန်ရက်အတွင်းကို ဖောက်ထွင်းဝင်ရောက်ပြီး ဂိုဏ်းကို လအတော်ကြာ စောင့်ကြည့်မှုအောက်မှာ ထားရှိခဲ့ကြောင်း၊ ransomware ရဲ့ သားကောင် ဖြစ်နေသူတွေရဲ့ အချက်အလက်တွေကို ဖွင့်ဖို့ သူတို့သုံးစွဲတဲ့ ဒစ်ဂျစ်တယ်သော့တွေကို လျှို့လျှို့ဝှက်ဝှက် ယူခဲ့ရတာလို့ ထုတ်ပြန်ထားပါတယ်။

“ခပ်ရှင်းရှင်းပြောရရင် တရားဝင်နည်းလမ်းတွေသုံးပြီး ဟက်ကာတွေကို ဖောက်လိုက်တာပါ” လို့ ဒုတိယရှေ့နေချုပ် မိုနာကိုက ပြောပါတယ်။

Hive ရဲ့ဝက်ဘ်ဆိုက်မှာ “Hive Ransomware ကို တရားဥပဒေစိုးမိုးရေးရဲ့ အရေးယူမှု တစိတ်တပိုင်းအဖြစ် FBI က သိမ်းယူလိုက်ပြီ” ဆိုတဲ့မက်ဆေ့ချ်နဲ့ အစားထိုးလိုက်ချိန် မနေ့မနက်က ဝက်ဘ်ဆိုက် ဖြုတ်ချခံရကြောင်း သတင်းတွေက ပထမဆုံး ပေါက်ကြားခဲ့ပါတယ်။

Hive ransomware ဟက်ကာအဖွဲ့ဟာ ၂၀၂၁ ခုနှစ် ဇွန်လကစတင်ပြီး ကမ္ဘာတဝန်းရှိ သားကောင်ပေါင်း ၁,၅၀၀ ကျော်ကို ပစ်မှတ်ထားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်ကောင်တွေဟာ ဒစ်ဂျစ်တယ်စနစ်တွေကို ဓားစာခံထိန်းထားဖို့ အန္တရာယ်ရှိတဲ့ ဆော့ဖ်ဝဲကို အသုံးပြုကြပြီး ငွေညှစ်ကြတာဖြစ်ကြောင်းနဲ့ Hive ransomware ကို ပူးတွဲလုပ်ကိုင်သူတွေက နှစ်ဆ ငွေညှစ်တဲ့ပုံစံကို အသုံးပြုထားကြောင်း ဆိုပါတယ်။

Hive ကို ဖွင့်ချလိုက်ပြီးတော့ သူတို့ရဲ့ လုပ်ငန်းပုံစံကို ဖြိုခွင်းခဲ့ပြီး သားကောင်ဖြစ်နေသူတွေကို ransomware ငွေညှစ်မှုကနေ ဒေါ်လာ သန်း ၁၃၀ လောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာလက ဖြန့်ဝေထားတဲ့ သတိပေးချက်တခုမှာ Hive နဲ့ ချိတ်ဆက်ထားတဲ့ ဆိုက်ဘာ ရာဇဝတ်ကောင်တွေဟာ ကမ္ဘာတဝန်းရှိ ကုမ္ပဏီပေါင်း ၁,၃၀၀ ကျော်ကို ဒုက္ခရောက်စေခဲ့ပြီး ငွေညှစ်တာမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် ရရှိခဲ့ကြောင်း FBI က ပြောကြားခဲ့ပါတယ်။

ရိုက်တာကတော့ Hive အတွက် အဆက်အသွယ် အသေးစိတ် အချက်အလက်တွေကို ချက်ချင်း ရှာမတွေ့နိုင်ခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up