တူရကီတွင် ခရီးသည်တင်ဘတ်စ်ကား ရေလှောင်ကန်အတွင်း ထိုးကျ

တူရကီနိုင်ငံမှာ ခရီးသည် ၇ ဦးကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ ဇန်နဝါရီ ၂၅ ရက်က ယာဉ်မောင်းက စတီယာရင် မထိန်းနိုင်ဘဲ ဖြစ်သွားခဲ့ပြီးနောက် ရေလှောင်ကန်ထဲကို ထိုးကျသွားခဲ့ပါတယ်။
တူရကီနိုင်ငံအရှေ့ပိုင်း မာလတ်ယာမြို့ရှိ မြူနီစီပယ်ဘတ်စ်ကားဟာ ဆည်ရေကန်ကို ဖြတ်ကူးဖို့ ကူးတို့သင်္ဘောပေါ် တက်နေချိန်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
ဘတ်စ်ကားအတွင်းမှ CCTV မှတ်တမ်းတွေအရ ဘတ်စ်ကား ပြုတ်ကျပြီးနောက် ကားထဲကို ရေတွေလျှံတက်လာခဲ့လို့ ယာဉ်မောင်းနဲ့ ခရီးသည်တွေ ထိတ်လန့်တကြား ဖြစ်နေတာကို မြင်တွေ့ရပါတယ်။
ဒီဖြစ်စဉ်မှာ လူသေဆုံးမှုမရှိကြောင်းနဲ့ ခရီးသည်သုံးဦးကို ဆေးရုံတင်ထားပြီးတော့ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ အခြေအနေဖြစ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။