လူ ၄ သောင်းဆန့်ထောင် အလ်ဆာလ်ဗေဒိုတွင် ဖွင့်လှစ်

အလ်ဆာလ်ဗေဒို အာဏာပိုင်တွေဟာ လူ ၄ သောင်းဆံ့ အကြမ်းဖက်ဝါဒ ချုပ်နှောင်မှု စင်တာကို ဖေဖော်ဝါရီ ၁ ရက်မှာ ဖွင့်လှစ်လိုက်ပြီး နိုင်ငံရဲ့ အကျဉ်းချနိုင်မှုပမာဏထက် ၂ ဆကျော် ပိုဆန့်နိုင်တဲ့ လက်တင်အမေရိကရဲ့ အကြီးဆုံးအကျဉ်းထောင်တွေထဲက တခုဖြစ်ပါတယ်။
ရာဇ၀တ်ဂိုဏ်းတွေကို အစိုးရက နှိမ်နင်းမှုကြောင့် ထောင်သားဦးရေ တိုးမြင့်လာခဲ့ပြီး နိုင်ငံရဲ့ အကျဉ်းထောင်စနစ်မှာ လူဦးရေ အလွန်အကျွံရှိမှု တချို့ကို လျော့ပါးစေဖို့ ရည်ရွယ်ပါတယ်။
ပြီးခဲ့တဲ့မတ်လက သမ္မတ နာယစ်ဘ်ဘူကီလီဟာ ခြွင်းချက် အခြေအနေတရပ်ကို အတည်ပြုဖို့ နိုင်ငံရဲ့ ကွန်ဂရက်ကို တောင်းဆိုခဲ့ပြီးကတည်းက ရဲနဲ့ စစ်တပ်ဟာ သံသယရှိ ရာဇဝတ်ဂိုဏ်းဝင် တွေနဲ့ သူတို့ရဲ့အပေါင်းပါ ၆၂,၀၀၀ ကျော် ဖမ်းဆီးထားပါတယ်။
ဒီအစီအမံအောက်မှာ အာဏာပိုင်တွေကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ပြုထားခြင်းနဲ့ နိုင်ငံသားတွေ ရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို အစိုးရက ရယူခွင့်ရှိခြင်းတို့ အပါအဝင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးတချို့ကို ဆိုင်းငံ့ခဲ့ပါတယ်။
နိုင်ငံရဲ့အရွယ်ရောက်ပြီးသူ ဦးရေရဲ့ ၂ ရာခိုင်နှုန်းနီးပါး အကျဉ်းချခံထားရတဲ့ အယ်လ်ဆာလ်ဗေဒို နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျဉ်းချခံရမှုနှုန်း အမြင့်ဆုံးဖြစ်ပါတယ်။
လူဦးရေအများစုဟာ လူဆိုးဂိုဏ်းဆန့်ကျင်ရေးကို ထောက်ခံကြတာရဲ့ ရလဒ်အနေနဲ့ ထောင်ကျ အကျဉ်းသားဦးရေ များပြားလာတာကြောင့် နိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ လူပြည့်လူလျှံ ဖြစ်နေတာပါ။
အလ်ဆာလ်ဗေဒိုရဲ့ အကြီးဆုံး အကျဉ်းထောင် လာ-အက်စ်ပယ် ရန်ဇာ မှာ အကျဉ်းသား ၁ သောင်းစာ ဆံ့ပေမယ့် လက်ရှိမှာ လူပေါင်း ၃၃,၀၀၀ ရှိနေပါတယ်။
အကျဉ်းထောင်သစ်ဟာ ၁၆၆ ဟက်တာ (၄၁၀ ဧက) ကျယ်ဝန်းမှာဖြစ်ပြီးတော့ တပ်ဖွဲ့ဝင် ၆၀၀ နဲ့ ရဲအရာရှိ ၂၅၀ တို့က လုံခြုံရေး တာဝန်ယူကြမှာဖြစ်ကြောင်း အလ်ဆာလ်ဗာဒို အာဏာပိုင်တွေက ပြောပါတယ်။
၂၀၂၁ ခုနှစ်က အလ်ဆာလ်ဗေဒိေရဲ့ အကျဉ်းထောင်စနစ်မှာ အကျဉ်းသား ၃ သောင်းဆံ့ ထောင်တွေမှာ အကျဉ်းသား ၃ သောင်း ၆ ထောင်နီးပါးကို ထားနေရတဲ့ ရာဇ၀တ်မှုစင်တာပေါင်း ၂၀ ရှိပါတယ်။