close

အီတလီကမ်းခြေစောင့်တပ်ဖွဲ့ ကယ်ခဲ့သည့်သင်္ဘောပေါ်တွင် ရွှေပြောင်း ၈ ဦး သေဆုံး

အီတလီနိုင်ငံတောင်ပိုင်း၊ လမ်ပီဒူဆာကျွန်းရဲ့ ကမ်းလွန်တစ်နေရာမှာ အီတလီကမ်းခြေစောင့် တပ်ဖွဲ့က ကယ်တင်ခဲ့တဲ့ သင်္ဘောပေါ်မှာ ရွှေ့ပြောင်းအခြေချသူ ၈ ဦးကို သေဆုံးလျက်သား တွေ့ခဲ့ရပြီး ၂ ဦး ပျောက်ဆုံးနေဆဲလို့ အစိုးရရှေ့နေ တဦးက ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။ 

ဒီရွှေ့ပြောင်းအခြေချသူ အယောက် ၄၀ ကို သင်္ဘောတစ်စင်းတည်းပေါ်က ကယ်တင်ခဲ့တာဖြစ်ပြီး သူတို့ကို စစ္စလီကျွန်းတောင်ပိုင်းမှာရှိတဲ့ လမ်ပီဒူဆာကျွန်းပေါ်က အဓိကဆိပ်ကမ်းတခုဆီ ခေါ်သွားတာလို့ ANSA သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။ 

အီတလီအာဏာပိုင်တွေက နောက်ထပ်လူ ၁၅၆ ဦး လိုက်ပါစီးနင်းလာတဲ့ ဒုက္ခသည်လှေ ၃ စင်းကိုလည်း လမ်ပီဒူဆာကျွန်းရှိရာဆီ အစောင့်အကြပ်အဖြစ် လိုက်ပါပို့ဆောင်ခဲ့ပါသေးတယ်။

အီတလီနိုင်ငံက လမ်ပီဒူဆာကျွန်းဟာ ဥရောပကို ရောက်ရှိဖို့ ကြိုးစားနေသူတွေအတွက် အဓိကဝင်ပေါက်နေရာတွေထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ 

အီတလီနိုင်ငံမှာ အာဖရိကမြောက်ပိုင်းက ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအခြေချသူ ဝင်ရောက်မှု မြင့်တက်လာခြင်းနဲ့ ရင်ဆိုင်နေရသလို ၂၀၂၂ ခုနှစ်မှာ ရွှေ့ပြောင်းအခြေချသူပေါင်း ၁သိန်းကျော်က ပင်လယ်ထဲကတဆင့် အီတလီနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေ အရ သိရပါတယ်။ 

Up