ကနေဒါပိုင်နက်အတွင်း အမည်မသိအရာဝတ္ထုတခုကို အမေရိကန်တိုက်လေယာဉ် ၂ ကြိမ်မြောက် ပစ်ချ

အမေရိကန် F-22 တိုက်လေယာဉ်တစင်းဟာ ကနေဒါနိုင်ငံ ပိုင်နက်ထဲက အမျိုးအမည်မသိတဲ့ အရာဝတ္ထုတခုကို ဖေဖော်ဝါရီ ၁၁ ရက်က ပစ်ချခဲ့ပြီး ဒါဟာ ၂ ရက်တာအတွင်း ၂ကြိမ် မြောက် ပစ်ချခဲ့ပါတယ်။
တပတ်တာကြာမြင့်ခဲ့တဲ့ တရုတ်သူလျှိုလေပူဖောင်းဖြစ်ရပ်အပေါ် တကမ္ဘာ့လုံးက အာရုံစိုက်ခဲ့ ကြပြီးနောက် မြောက်အမေရိကဒေသ လေပိုင်နက်ထဲက ဒီအမျိုးအမည်မသိအရာဝတ္ထုကြောင့် သတိပေးချက်မြင့်တက်လာခဲ့ပါတယ်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက ဒီပစ်ချမှုကို တွစ်တာလူမှုကွန်ရက်မှာ အတည်ပြု ကြေညာခဲ့ပြီး ဒါဟာ နိုင်ငံမြောက်ပိုင်းက ယူကွန်ဒေသမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကနေဒါတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီလိုပျက်စီးသွားတဲ့ အရာဝတ္ထု အစိတ်အပိုင်းတွေကို ပြန်ရှာပြီး အသေးစိတ်စိစစ်မယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အလက်စကာပြည်နယ် ဒတ်ဟော့စ်ဒေသအနီး ပင်လယ်ရေခဲပြင် အပေါ်မှာ ပျံသန်းနေတဲ့ အမျိုးအမည်မသိအရာဝတ္ထုကိုပစ်ချဖို့ အမိန့်ပေးအပြီး တရက် အကြာမှာပဲ အခုလို နောက်ထပ်ဖြစ်ခဲ့တာကြောင့် ထရူးဒိုးက ဘိုင်ဒင်နဲ့စကားပြောဆိုခဲ့တာလို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်တုန်းကတော့ ပင်တဂွန်စစ်ဌာချုပ်က ဒီအရာဝတ္ထုဟာ ကားအသေးစား အရွယ်ပမာဏရှိပြီး အမြင့်ပေ ၄ သောင်းအထက်မှာ ပျံ သန်းနေခဲ့တာဖြစ်သလို ဒါဟာ စစ်ရေး လေ့ကျင့်မှု မဖြစ်နိုင်တဲ့အပြင် မောင်းသူမဲ့ဖြစ်ပုံရတယ်ဆိုတဲ့ အသေးစိတ် အချက်အလက် နည်းနည်းကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်ကမှ စတင်တွေ့ရှိခဲ့တဲ့ ဒီအမျိုးအမည်မသိအရာဝတ္ထုကို အမေရိကန် လေယာဉ်မှူးတွေနဲ့ ထောက်လှမ်းအရာရှိတွေက လေ့လာဖို့ ကြိုးစားနေကြတယ်လို့လည်း သိရပါတယ်။
အမေရိကန်မြောက်ပိုင်းစစ်ဌာနချုပ်ကတော့ "ဒီအရာဝတ္ထုနဲ့ ပက်သက်ပြီး စွမ်းဆောင်နိုင်စွမ်း၊ ရည်ရွယ်ချက် ဒါမှမဟုတ် မူလစတင်ရာ စတဲ့ နောက်ထပ်အသေးစိတ် အချက်အလက်တွေကို အခုချိန်မှာ မသိရသေးဘူးလို့" လို့ ပြီးခဲ့တဲ့စနေနေ့က ပြောပါတယ်။
အာတိတ်ဒေသရာသီဥတုအရ အေးစိမ့်နေတဲ့ လေနဲ့ဆီးနှင်း အပြင် အလင်းရောင်ရရှိမှုကလည်း အကန့်အသတ်ရှိတာကြောင့် ပြန်လည်ရှာဖွေရရှိရေး ကြိုးပမ်းချက်တွေမှာ အဟန့်အတားဖြစ် နေတယ်လို့ သိရပါတယ်။
လုံခြုံရေးကို ထိန်းသိမ်းနိုင်ဖို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြန်လည်ရှာဖွေရေးလုပ်ငန်းစဉ်တွေကို လိုက်လျောညီထွေဖြစ်အောင် ထိန်းညှိသွားမယ်လို့ မြောက်ပိုင်းစစ် ဌာနချုပ်က မှတ်ချက်ပေး ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်မှာလည်း အမေရိကန်အစိုးရက တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းလို့ ခေါ်ဆိုတဲ့ မီးပုံးပျံသဏ္ဌာန်အရာဝတ္ထုတခုကို တောင်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းလွန်တစ်နေရာမှာ F-22 တိုက်လေယာဉ်နဲ့ ပစ်ချခဲ့ပါသေးတယ်။