စပိန်တွင် ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြ

စပိန်နိုင်ငံမြို့တော်မက်ဒရစ်မှာ သိန်းနဲ့ချီတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဒေသန္တရအစိုးရအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု ဖြတ်တောက်လိုက်တဲ့အပေါ် ဖေဖော်ဝါရီ ၁၂ ရက်က ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။
ဒီဆန္ဒပြသူတွေဟာ မက်ဒရစ်မြို့တော်ခန်းမ အရှေ့က ပလာဇာဒက်စီဘယ်လက်စ်ရင်ပြင်မှာ စုစည်းခဲ့ကြပြီး ကြွေးကြော်သံတွေနဲ့အတူ အလံတွေဝှေ့ယမ်းခဲ့ကြပါတယ်။
မြို့လယ်ခေါင်က ဒီဆန္ဒပြပွဲမှာ လူဦးရေ ၂ သိန်းခွဲ ကျော် ပါဝင်ခဲ့တယ်လို့ မြို့တော် တာဝန်ရှိသူ တွေကပြောပေမယ့် ဆန္ဒပြပွဲစီစဉ်သူ တွေကတော့ လူဦးရေ ၁ သန်းနီးပါး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူ အန်နာက “ပြည်သူ့ ကျန်မာရေးစောင့်ရှောက်မှုစနစ် အခြေအနေဟာ ယိုယွင်းလာနေပါပြီ၊ ဆရာဝန်ဦးရေ လျော့နည်းလာတာနဲ့အမျှ ဆေးဘက်ဆိုင်ရာ အခြေအနေတွေဟာလည်း ပိုဆိုးလာပါတယ်။ ဆေးကုသမှုဆိုင်ရာ စင်တာအများစုကိုလည်း ပိတ်ထားရတာပါ”လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း စပိန်နိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဇန်နဝါရီ ၃၀ ရက် အမျိုးသားစာရင်းအင်းဌာနရဲ့ ပဏာမ ကိန်းဂဏန်းတွေအရ သိရပါတယ်။
ဒါပေမဲ့ အများပြည်သူဆိုင်ရာ အစိုးရဝန်ထမ်းတွေအတွက် ပျမ်းမျှလစာ တိုးမှုနှုန်းထားကတော့ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ သိရပါတယ်။