close

ဘာလင်ရှိ ဗြိတိန်သံရုံးမှ အချက်အလက်များကို ရုရှားသို့ပေးခဲ့သူအား ရုံးထုတ်စစ်ဆေး

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဗြိတိန်သံရုံးကနေ လျှို့ဝှက်အချက်အလက်တွေ စုဆောင်းပြီး ရုရှားနိုင်ငံဆီ ပေးပို့ခဲ့တဲ့ လုံခြုံရေးအစောင့်က သူ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ရှက်ရွံ့မိကြောင်း ဖေဖော်ဝါရီ ၁၄ ရက်က လန်ဒန်တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

အသက် ၅၉ နှစ်အရွယ် ဒေးဗစ်ဘော်လန်တိုင်းန်စမစ်သ်က သူဟာ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အငြင်းပွားပြီး စိတ်ဓာတ်ကျနေချိန်မှာ သံရုံးကို နည်းနည်းလောက် ပညာပေးမယ်ဆိုပြီး လျှို့ဝှက်အချက်အလက်တွေကို စတင်စုဆောင်းခဲ့ကြောင်း ပြောပါတယ်။

စမစ်သ်ဟာ ရုရှားစစ်ထောက်လှမ်းရေးအဖွဲ့ဝင်တဦးအဖြစ် ပုံဖမ်းထားတဲ့ ယူကေ လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီ MI5 အရာရှိတဦးဖြစ်တဲ့ Irina  နဲ့ တွေ့ဆုံပြီး နောက်နေ့ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ဖမ်းဆီးခံခဲ့ရတာပါ။

Irina က ရုရှားကို ထိခိုက်စေနိုင်တဲ့ သတင်းကို တယောက်ယောက်က ဗြိတိန်ကို ပေးပို့ခဲ့တာကြောင့် သူ အကူအညီလိုကြောင်း စမစ်သ်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

စမစ်သ်ဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ပြစ်မှု ၈ ခုမှာ အပြစ်ရှိကြောင်း နိုဝင်ဘာလက ဝန်ခံခဲ့ပါတယ်။ အဲဒီစွဲချက်တွေထဲမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက ဘာလင်ဆိုင်ရာ ရုရှားစစ်သံမှူး ဗိုလ်ချုပ်ကြီး ဆာဂေး ချူခရော့ဗ်ဆီကို သတင်းအချက်အလက်တွေ ပေးပို့တာနဲ့ ပတ်သက်တဲ့ စွဲချက်တခုလည်း ပါဝင်ပါတယ်။

တခြားတရားစွဲဆိုမှု ၇ ခုထဲမှာ ရုရှားနိုင်ငံအတွက် အသုံးဝင်မယ့် သတင်းအချက်အလက်တွေ စုဆောင်းတာတွေ ပါဝင်ပြီး အဲဒီထဲက ၄ မှုဟာ ဗြိတိန်ကို အကူအညီပေးနေတယ်လို့ ယူဆရတဲ့ ရုရှားနိုင်ငံသား “ဒီမီထရီ” အဖြစ် ပုံဖမ်းထားတဲ့ MI5 အရာရှိတဦးနဲ့ ဆက်စပ်နေပါတယ်။

စမစ်သ်ဟာ အစိုးရအဖွဲ့ ဝန်ကြီး ၂ ဦးဆီက ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ လျှို့ဝှက် အစိုးရဆက်သွယ်မှု အပါအဝင် တခြား အရေးကြီးစာရွက်စာတမ်းတွေကို ၃ နှစ်ကျော် စုဆောင်းခဲ့ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်မှာ တရားရုံးက ကြားနာခဲ့ပါတယ်။

သူဟာ ဘီယာ ၇ ပိုင့် သောက်ပြီးနောက် စာရွက်စာတမ်းတွေကို ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီတုန်းက အကြံကောင်းတခုလို့ ထင်ခဲ့မိကြောင်း စမစ်သ်က အင်္ဂါနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ သူဟာ ဗြိတိန်ကို သိသိသာသာကြီး ထိခိုက်စေမယ့် တခြားဘယ်သူ့ကိုမှ စာရွက်စာတမ်းတွေကို မလွှဲပေးခဲ့ဘူးလို့ ပြောသွားပါတယ်။

Up