မီးပုံပျံကိစ္စ တရုတ်-အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် တရုတ်တောင်းဆို

တရုတ်-အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုတင်းမာစေတဲ့ မီးပုံးပျံဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ပေကျင်း ပူးပေါင်းဆောင်ရွက်ကြဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
အမေရိကန် ဝေဟင်ပိုင်နက်ထဲကို လမ်းကြောင်းလွဲ ရောက်သွားတဲ့ တရုတ် မောင်းသူမဲ့ အရပ်ဘက်လေသင်္ဘောဟာ လုံးဝကို မရှောင်သာမလွှဲသာ မတော်တဆမှုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝမ်ဘင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါပေမဲ့ ဒီကိစ္စဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ငြိမ်အောင်နဲ့ အကျပ်အတည်းကို စနစ်တကျ စီမံခန့်ခွဲရာမှာ အမေရိကန်ဘက်က ရိုးသားမှုနဲ့ စွမ်းရည်ကို စမ်းသပ်လိုက်တာ လို့လည်း ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စကားပြောမှာလားဆိုတဲ့ မေးခွန်းကို တုံ့ပြန်ခဲ့ရာမှာ အမေရိကန်ဘက်က တချိန်တည်းမှာ ကွဲလွဲနေတဲ့ အလိမ်အညာတွေကို ဖြန့်ပြီး အကျပ်အတည်းကို ပိုတိုးအောင် လုပ်နေပြီးတော့ တပြိုင်နက်တည်းမှာပဲ ဆက်သွယ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို လုပ်ချင်လို့ မရဘူးလို့ ဝန်ဝမ်ဘင်က ပြောပါတယ်။
အမေရိကန်အနေနဲ့ နားလည်မှုလွဲမှားခြင်းနဲ့ တွက်ချက်မှုလွဲမှားခြင်းတွေကို ရှောင်ရှားသင့်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို ကောင်းမွန်ပြီး တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြန်ရောက်အောင် မြှင့်တင်သင့်ကြောင်းလည်း ပြောပါတယ်။
ခေါင်းဆောင် ၂ ယောက်ကြားက ဖုန်းခေါ်ဆိုမှုနဲ့ ပတ်သက်လို့ သူ့မှာ ပေးစရာအချက်အလက် မရှိဘူးလို့လည်း သူကဆိုပါတယ်။
နိုင်ငံတကာမှာ အရပ်ဘက်လေယာဉ်တွေနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေမှာ စံချိန်စံညွှန်းတွေ ရှိပြီးသားဖြစ်ကာ တရုတ်နိုင်ငံရဲ့ အရပ်ဘက်သုံး မောင်းသူမဲ့ လေယာဉ်ကို ပစ်ချတာဟာ လွန်လွန်ကဲကဲ တုံ့ပြန်မှုနဲ့ အင်အားအလွဲသုံးစားလုပ်တာဖြစ်ပြီး အမေရိကန်ဘက်က နိုင်ငံတကာဥပဒေကို လျစ်လျူရှုထားတာလို့လည်း ဝန်ဝမ်ဘင်က ပြောပါတယ်။
အမေရိကန် မီးပုံးပျံတွေလည်း တရုတ်ရဲ့ခွင့်ပြုချက်မရှိဘဲ တရုတ်လေပိုင်နက်ကို အကြိမ်ကြိမ် ပျံသန်းခဲ့ကြောင်းလည်း ဆိုပါတယ်။
အမေရိကန်လေပိုင်နက်ထဲကို ကျော်လွန်ရောက်ရှိလာလို့ အခုလအစောပိုင်းမှာ အမေရိကန် တိုက်လေယာဉ်ကနေ ပစ်ချခဲ့တဲ့ တရုတ်ကင်းထောက်မီးပုံးပျံကိစ္စနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ ရှီနဲ့ စကားပြောဆိုဖို့ မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဘိုင်ဒင်က ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောထားပါတယ်။