ရုရှားနှင့်ယူကရိန်းတပ်ဖွဲ့များ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအဆောက်အအုံ အများအပြားကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့ပြီး ယူကရိန်းကလည်း အရင်ရက်က စစ်တပ် အခြေချထားတဲ့ နေရာ ၁၆ ခုအနီးမှာ ရုရှားဘက်က တိုက်ခိုက်လာမှုတွေကို တန်ပြန်နိုင်ခဲ့တယ်လို့ အခိုင်အမာ ပြောလာပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်က တိကျမှုမြင့်မားတဲ့လက်နက်တွေ၊ တာဝေးပစ်ဒုံးကျည်တွေနဲ့အတူ ရုရှားလက်နက်ကိုင် တပ်ဖွဲ့တွေဟာ ယူကရိန်းစစ်တပ်အပေါ် လောင်စာနဲ့လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးခဲ့တဲ့ စီပွားရေးလုပ်ငန်းတွေကို လေကြောင်းကရော၊ ရေကြောင်းကပါ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကော့ဗ်က ဖေဖော်ဝါရီ ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကူပရန့်စ်၊ ကရာစနီ၊ လိုင်းမန်း၊ ဒွန်နက်ခ် နဲ့ ဇာပိုရိုဇကီး ဒေသတွေမှာ ရုရှားစစ်တပ်က ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့ (AFU)ရဲ့ သံချပ်ကာ ကားတွေအပါအဝင် စစ်ရေးပစ္စည်းတွေနဲ့ စစ်အင်အားကိုပါ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေက Mi-8 ရဟတ်ယာဉ်နဲ့အတူ မောင်းသူမဲ့ လေယာဉ် ၉ စင်း အပါအဝင် ယူကရိန်းစစ်တပ်က HIMARS ဒုံးပျံ လောင်ချာကတဆင့် ပစ်လွှတ် လိုက်တဲ့ ဒုံးကျည် ၃စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်ဆိုပြီး ကိုနာရှန်ကော့ဗ်က ဖြည့်စွက်ပြောပါတယ်။
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ (AFU)ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူကတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဒွန်နက်ခ် နဲ့ လူဂန့်စ် ဒေသမှာ ရုရှားဘက်က ကျူးကျော် တိုက်ခိုက်လာမှုတွေကို ယူကရိန်းတပ်ဖွဲ့ တွေအနေနဲ့ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ကြောင်း အခိုင်အမာ ပြောဆိုပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်းလေကြောင်းတပ်ဖွဲ့တွေဟာ ရုရှားလေကြောင်းကာကွယ်ရေးစနစ် အပါအဝင် ရုရှားစစ်သည်တွေနဲ့ စစ်ရေးပစ္စည်းတွေတည်ရှိရာ ဧရိယာနယ်မြေတွေကို တိုက်ခိုက်ခဲ့ တယ်လို့လည်း သိရပါတယ်။