တူရကီနှင့် ဆီးရီးယားတွင် ငလျင်ကြောင့် သေဆုံးသူ ၄၅၀၀၀ ကျော် ရှိလာ

တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြီးကြောင့် ၂ နိုင်ငံပေါင်း သေဆုံးသူ စုစုပေါင်းအရေအတွက်ဟာ ဖေဖော်ဝါရီ ၁၈ ရက်မနက်မှာ လူပေါင်း ၄၅,၀၀၀ ကျော်ထိ ရှိလာပြီလို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။
တူရကီနိုင်ငံမှာတင် သေဆုံးသူ ၃၉,၆၇၂ ဦးရှိကြောင်း နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ဆီးရီးယားမှာတော့ ၅၈၀၀ ကျော်ရှိသွားပြီလို့ အစိုးရနဲ့ ကုသလမဂ္ဂ အေဂျင်စီတွေက ပြောပါတယ်။
တူရကီမိုင်းတွင်းလုပ်သားတွေဟာ ငလျင်ကြောင့် ပြိုကျနေတဲ့ အဆောက်အဦအပျက်အစီးတွေ ကြားက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ဖို့ ကြိုးစားနေကြပါတယ်။
ငလျင်လှုပ်ပြီး ၂၄၈ နာရီအကြာမှာ တူရကီနိုင်ငံ ကာရာမန်မရာ့ရှ်ပြည်နယ်ရှိ အပျက်အစီးတွေ ကြားထဲကနေ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အသက်ရှင်လျက် ဆွဲထုတ်ခဲ့ကြောင်း ရုပ်သံဌာန TRT Haber က ထုတ်ပြန်ခဲ့ပါတယ်။
နေတိုးအတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်က ဖေဖော်ဝါရီ ၁၆ ရက်က တူရကီနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတ တေယစ်အာဒိုဂန်နဲ့ တွေ့ဆုံခဲ့ပါတယ်။