close

ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် ခမ်ဆိုခါ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံရ

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ခမ်ဆိုခါကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ပြစ်မှုထင်ရှားကြောင်း ဖနွမ်းပင်တရားရုံးက မတ် ၃ ရက်မှာ ဆုံးဖြတ်ခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ်နဲ့ ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ်စီရင်ချမှတ်ခဲ့ပြီး နိုင်ငံရေးရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်တာနဲ့ ရွေးကောက်ပွဲမှာ မဲပေးတာတွေကိုလည်း တားမြစ်ခဲ့ပါတယ်။

အခု ဖျက်သိမ်းခံလိုက်ရတဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ရဲ့ ခေါင်းဆောင်ဟောင်း ခမ်ဆိုခါဟာ သူ့ရဲ့ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးအားလုံး ဖယ်ရှားခံခဲ့ရကြောင်း ရှေ့နေက စီရင်ချက်ချပြီးနောက် တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ သူ့ရဲ့ တရားရေးအဖွဲ့က အယူခံဝင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ခမ်ဆိုခါဟာ ကမ္ဘောဒီးယားကို နှစ်ပေါင်း ၄၀ နီးပါး အုပ်စိုးနေတဲ့ ဟွန်ဆန်ကို ဖြုတ်ချဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၁၇ ခုနှစ်က အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပတ်ထရစ်မာဖီဟာ ဖနွမ်းပင်က ကြားနာပွဲကို တက်ရောက်ခဲ့ပြီး ဒီအမှုဟာ တရားမျှတမှုပျက်ယွင်းတဲ့အမှု ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံသား အားလုံးကို “ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ကို ခံစားခွင့်ပြုဖို့လည်း  သံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။

Up