ဘာစီလိုနာအသင်းအဂတိမှုဖြင့် အရေးယူခံရမည့်ကိစ္စ ရီးရဲလ်မက်ဒရစ် အရေးပေါ် အစည်းအဝေးခေါ်

အဂတိလိုက်စားမှုနဲ့ ဘာစီလိုနာအသင်း အရေးယူခံရမယ့်အပေါ် ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းက အရေးပေါ်အစည်းအဝေး ခေါ်ယူထားပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ စပိန်ဒိုင်လူကြီးများကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်း အင်ရီကေးနက်ဂရေယာဆီကို ပေါင် ၇ ဒသမ ၄ သန်း ပေးချေမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ စပိန်ပြည်သူ့အစိုးရရှေ့နေရုံးက စွပ်စွဲထားတာပါ။
အဲဒီအတွက် ဘာစီလိုနာအသင်းကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပြီး ပြစ်မှုထင်ရှားမယ်ဆိုရင် ဘဏ္ဍာရေးဆိုင်ရာပိတ်ပင်မှုတွေချမှတ်ခံရနိုင်ပါတယ်။
ဒါ့အပြင် အသင်းဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ဘာတိုမြူနဲ့ ဆန်ဒရိုရိုဆဲလ်တို့အပြင် တခြားတာဝန်ရှိသူတွေကိုပါ အဂတိလိုက်စားမှုနဲ့ ၄ နှစ်အထိ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နိုင်တာပါ။
ဘာစီလိုနာအသင်းအရေးယူခံရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့မှာ အရေးပေါ် အစည်းအဝေးကျင်းပမယ်လို့ ပြိုင်ဘက် ရီးရဲလ်အသင်းဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ မက်ဒရစ်ကလပ်အနေနဲ့ သင့်တော်တဲ့ မှတ်ချက်တစ်ခု ထုတ်ပြန်သွားဖို့ ရှိပါတယ်။