close

ပူတာအိုတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၅ ဦးသေ၊ ဖားကန့်တွင် တိုက်ပွဲဖြစ်ပြီး ရဲနှင့် အရပ်သားများသေဆုံး

ကချင်ပြည်နယ်၊ ပူတာအိုနဲ့ ဆွမ်ပီယာန်ရွာကြားမှာ  မတ်‌ ၁၈ ရက်က စစ်ကောင်စီစစ်ကြောင်းကို KIA၊PDFပူးပေါင်းတပ်ဖွဲ့က ၃ ကြိမ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က ၁၅ ဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ရှေ့တန်းက PDFအရာရှိ တဦးက ပြောပါတယ်။

"ဒီနေ့ မနက်ပိုင်း တကြိမ်၊ နေ့ခင်း ၁၂ နာရီနဲ့ ၁ နာရီကြားမှာ တကြိမ်နဲ့ ညနေ ၄ နာရီခွဲမှာ တကြိမ် တိုက်ခဲ့တယ်။ ပထမတကြိမ်မှာ သူတို့ဘက်က ၄ ဦးထိပြီး အများပြားဒဏ်ရာ ရသွားတယ်။ ခုနောက်ဆုံးတကြိမ်တော့ အရှင်လည်း ၂ ဦး ဖမ်းလိုက်တယ်။ ကျနော်တို့ဖက် ကောက်ထားတဲ့ အလောင်း ၁၅ ဦး ရှိတယ်"

ပူတာအိုနဲ့ ဆွမ်ပီယာန်ရွာကြားမှာ တိုက်ခိုက်လိုက်တာဟာ ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်တာ ဖြစ်လို့ KIA နဲ့ PDF ဘက်က ထိခိုက်တာ မရှိဘူးလို့ လည်း PDF တာဝန်ရှိသူက ပြောပါတယ်။

ပူတာအို-မြစ်ကြီးနားကားလမ်းမပေါ်မှာ စစ်ကောင်စီစစ်ကြောင်း မကြာခဏ တိုက်ခိုက်ခံရပြီး မတ် ၉ ရက်မှာလည်း ဆွမ်ဘရာဘွမ်- မြစ်ကြီးနားကြားမှာ KIAတပ်မဟာ-၂ လက်‌အောက်ခံ တပ်ရင်း ၁၁ရဲဘော်များက စစ်ယဉ်တန်း ၄ စီးကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာတော့  လုံးခင်းကျေးရွာအနီးမှာ မတ် ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်၊ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ရဲတပ်ဖွဲ့ဝင်တွေနဲ့  အရပ်သားပြည်သူတွေ သေဆုံးခဲ့ပါတယ်။

လုံးခင်းကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ မျောက်ကုန်းစခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း သေဆုံးကာ အရပ်သားပြည်သူ ၅ ဦးထက်မနည်းလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

လုံးခင်းကျေးရွာသားတဦးက " ညနေ ၆ နာရီလေါက်က စစ်ကောင်စီတပ်စွဲတဲ့ မျောက်ကုန်းမှာ တိုက်ပွဲဖြစ်တာ။ KIA PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အပြန်အလှန်ပစ်ခတ်ရင်း စစ်ကောင်စီဘက်က ရဲ  ၃ ယောက် သေတယ်။ အရပ်သားပြည်သူ ၅ ဦးလောက်လည်း သေနတ်မှန်ပြီးသေတယ်။ ပြည်သူတွေ ကတော့ ဘယ်အဖွဲ့က ပစ်တဲ့ ကျည်မှန်ပြီး သေတယ် ဆိုတာ တိတိကျကျ မသိဘူး" လို့ ပြောပါတယ်။

နှစ်ဘက်အပြန်အလှန်ပစ်ခတ်ရာမှ ဒေသခံအမျိုးသား သုံးဦး အမျိုးသမီး တစ်ဦးနဲ့ ကလေးငယ် တစ်ဦးတို့ သေနတ် ထိမှန် သေဆုံးခဲ့တာဖြစ်ပြီးဘယ်အဖွဲ့က ပစ်ခတ်တဲ့ကျည် ဖြစ်တယ်ဆိုတာကိုတော့  တိတိကျကျ မသိရသေးပါဘူး။

ဖါးကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က မတ် ၁၇ ရက် ညပိုင်းက အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးရုံးကို ဝင်ရောက်ဖျက်ဆီးပြီး ရုံးစောင့် အမျိုးသားတစ်ဦးကို ဖမ်းဆီး ခဲ့ပါတယ်။

Up