close

မာလီနိုင်ငံတွင် ၂ နှစ်နီးပါး ဖမ်းဆီးခံထားရသည့် ပြင်သစ်သတင်းထောက် ပြန်လွတ်

မာလီနိုင်ငံမှာ ၂ နှစ်နီးပါး ဖမ်းဆီးခံခဲ့ရတဲ့ ပြင်သစ်သတင်းထောက် အိုလီဗေး ဒူဘွာဟာ မတ်လ ၂၁ ရက်မှာ  ပြင်သစ်သမ္မတ ဂျက်လေယာဉ်နဲ့ သူ့နိုင်ငံကို ပြန်ရောက်ရှိလာခဲ့ပြီး သူ့ကို သူ့မိသားစုနဲ့ ပြင်သစ်သမ္မတကိုယ်တိုင် နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။

ဒူဘွာဟာ ၂၀၂၁ ခုနှစ် ဧပြီလတုန်းက မာလီနိုင်ငံမြောက်ပိုင်း ဂါအိုမြို့မှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး နိုက်ဂျာနိုင်ငံကို ခေါ်သွားခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ သြဂုတ်လကတော့ ဒူဘွာဟာ ဗီဒီယိုတခုမှာ ပေါ်လာပြီး သူ့ကို ဖမ်းဆီးထားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေလက်ကနေ လွတ်မြောက်ဖို့ အာဏာပိုင်တွေကို တတ်နိုင်သမျှ လုပ်ဆောင်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

ဒူဘွာဟာ ဆာဟဲလ်ဒေသရှိ စစ်သွေးကြွတွေရဲ့ နောက်ဆုံးဖမ်းဆီးထားတဲ့ ပြင်သစ်နိုင်ငံသား ဖြစ်ပြီး ပြင်သစ်အာဏာပိုင်တွေဟာ သူ့လွတ်မြောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ မှတ်ချက်မပေးပေမဲ့ သူ ဘေးကင်းကင်း ပြန်လွတ်လာတဲ့အပေါ် နိုက်ဂျာနိုင်ငံကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

ပြင်သစ်အစိုးရက သူတို့လွတ်မြောက်ရေးအတွက် ပြန်ရွေးဖို့ ငွေနဲ့ပြင်ဆင်ခဲ့တယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ရှိနေပြီး ပြင်သစ်က ဒါကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

မတ်လ ၂၀ ရက်နေ့မှာပဲ ၆ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန် အကူအညီပေးရေး ဝန်ထမ်း ဂျက်ဖရီ ဝုဒ်ကဲလည်း ဒူဘွာနဲ့အတူ ပြန်လွတ်မြောက်လာပါတယ်။

အမေရိကန် အကြီးတန်းအရာရှိတဦးကလည်း အမေရိကန်နိုင်ငံသား ဝုဒ်ကဲကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သွေးကြွအဖွဲ့နဲ့ တိုက်ရိုက်ညှိနှိုင်းမှု မရှိခဲ့သလို ရွေးနုတ်ဖိုးလည်း မရှိခဲ့ကြောင်း မတ်လ ၂၀ ရက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ဆာဟဲလ်ဒေသမှာ မြေပြင်ကိုသိမ်းပိုက်ထားတဲ့ အယ်လ်ကိုင်းဒါးနဲ့ အစ္စလာမ္မစ်နိုင်ငံတော် သူပုန်အဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ အစ္စလာမ္မစ် သောင်းကျန်းသူတွေက ပြန်ပေးဆွဲတာကို နည်းဗျူဟာတခုအဖြစ် သုံးနေတာဖြစ်ပြီး ပြန်ပေးဆွဲတာကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး လူပေါင်းနှစ်သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ပြင်သစ်က ၂၀၁၃ ခုနှစ်မှာ စစ်ရေးစွက်ဖက်မှုလုပ်လာပြီး သူတို့ကို ပြန်မောင်းထုတ်ခဲ့ကတည်းက အဲဒီအဖွဲ့တွေဟာ အနောက်အာဖရိကရှိ ပြင်သစ်နိုင်ငံသားတွေကို ပစ်မှတ်တွေအဖြစ် အကြိမ်ကြိမ်ကြေညာခဲ့ပါတယ်။

Up