ဆိုမာလီယာတွင် မိုးခေါင်ရေရှားမှုကြောင့် ကလေးအများစုအပါအဝင် သေဆုံးသူ ၄၃,၀၀၀ ကျော်ရှိလာ

ဆိုမာလီယာနိုင်ငံမှာ အခုချိန်ထိ စံချိန်တင် မိုးခေါင်ရေရှားမှုကြောင့် မနှစ်က လူပေါင်း ၄၃,၀၀၀ သေဆုံးခဲ့ပြီး အဲဒီထဲက တဝက်လောက်ဟာ ၅ နှစ်အောက် ကလေးငယ်တွေ ဖြစ်တယ်လို့ သုတေသီတွေက မတ်လ ၂၀ ရက်မှာ ပြောကြားခဲ့ပြီး ဒါဟာ နိုင်ငံတဝန်း သေဆုံးမှုကို ခန့်မှန်းတဲ့ ပထမဆုံး ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။
၅ နှစ်ဆက်တိုက် မိုးမရွာခဲ့ပြီးနောက်မှာ လူဦးရေ ၁၇ သန်းရှိတဲ့ ဆိုမာလီယာနိုင်ငံမှာ ထက်ဝက်လောက်က အကူအညီတွေ အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ တချို့အပိုင်းတွေကတော့ ပညာရှင်တချို့က မျှော်လင့်ထားတဲ့ အငတ်ဘေးကြေညာချက်ကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဆိုမာလီယာနိုင်ငံဆိုင်ရာ ဒါရိုက်တာ အယ်လ် ခီဒီယာ ဒါလွန်မ် မာမွဒ်က စားနပ်ရိက္ခာဖူလုံမှု အခြေအနေက အရမ်းဆိုးရွား ဆင်းရဲနေပြီးတော့ ဒီလူတွေဟာ သူတို့မှာရှိသမျှ အကုန်ဆုံးရှုံးခဲ့ရပြီး မွေးမြူရေးနဲ့ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ရေ၊ ကျန်းမာရေးနဲ့ သူတို့လိုချင်တာမှန်သမျှ အကုန်လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒီ Iftin ဖောင်ဒေးရှင်းက တာဝန်ယူပေးနေတဲ့ ဘေးရှောင်စခန်းမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို အများစု တွေ့မြင်ရမှာဖြစ်ကြောင်း ပြောပါတယ်။
အစ်ဆခ်ဟက်ဆန် အမည်ရ အိုးမဲ့အိမ်မဲ့ ဆိုမာလီဒေသခံက လူတွေဟာ ငတ်မွတ်မှုကြောင့် အားနည်းလာကြပြီး သူတို့ရဲ့ မွေးမြူရေးနဲ့ ကောက်ပဲသီးနှံတွေလည်း ပျက်စီးဆုံးရှုံးကုန်တာကြောင့် အသက်စွန့် ထွက်ပြေးခဲ့ရပြီး ဘိုင်ဒိုအာမြို့က ဒီခိုလှုံရေးစခန်းကို ရောက်လာရကြောင်း၊ သူ့မိန်းမကတော့ ငတ်ပြတ်ပြီး သေဆုံးသွားတော့ သူလည်း ကူရာမဲ့သွားကြောင်း ပြောပြပါတယ်။
အသက် ၆၁ နှစ်အရွယ် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ ဟာဘီဘာ မော်အီမန်ကလည်း “သူတို့ကို ဘယ်သူကမှလည်း မကူညီနိုင်ဘူး။ စားစရာမရှိ၊ ရေလည်းမရှိ၊ အဝတ်လည်းမရှိ၊ ခင်းစရာ ပလတ်စတစ်ရွက်တောင် မရှိဘူး” လို့ ဆိုပါတယ်။
မိုးခေါင်လို့ ထွက်ပြေးရပြီး ကလေးတွေအတွက် စားစရာနဲ့ အမိုးအကာမရှိလို့ ဒီမှာ ၁၅၈ ရက် နေခဲ့ရတယ်။ နေ့တိုင်း အပြင်ထွက်ပြီး မြို့ထဲကအိမ်တွေကို တံခါးခေါက်ပြီးတော့ သူ့သားသမီးတွေ စားသောက်ဖို့ တောင်းစားရတယ်လို့လည်း ပြောပြပါတယ်။
တကိုယ်ရေသန့်ရှင်းရေးနဲ့ အပူပိုင်းဒေသဆိုင်ရာ ဆေးပညာသင် လန်ဒန်ကျောင်းမှ ဦးဆောင်တဲ့ သုတေသနပြုချက်အရ သေဆုံးသူ ထက်ဝက်လောက်ဟာ အသက် ၅ နှစ်အောက် ကလေးငယ်တွေ ဖြစ်ကြပြီး အကျပ်အတည်းဟာ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေက ဆိုမာလီယာရဲ့ နောက်ဆုံးမိုးခေါင်ရေရှားမှုထက် ပိုမိုဆိုးရွားနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
သေဆုံးမှုနှုန်းဟာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်မှာ မြင့်တက်လာနိုင်ပြီး အဲဒီကာလအတွင်း စုစုပေါင်းသေဆုံးမှုမှာ ၁၈,၁၀၀ နဲ့ ၃၄,၂၀၀ ကြား ရှိမယ်လို့ ခန့်မှန်းထားပါတယ်။