လားရှိူး – နမ့်ပေါင်တွင် လက်နက်ကြီးပေါက်ကွဲသဖြင့် ရွာသား ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စု၊ ခုမ်စုန်ကျေးရွာမှာ မတ်လ ၂၃ ရက် မနက်ပိုင်းက လက်နက်ကြီးပေါက်ကွဲပြီး ရွာသား ၂ ဦးသေဆုံး ၂ ဦး ဒဏ်ရာရသွားပါတယ်။
မနေ့မနက် ၉ နာရီလောက်က ခုမ်စုန်ရွာသားတွေဟာ ထော်လဂျီစီးပြီး တောင်ယာသွားနေစဉ် ရွာသား ၁ ဦးက လမ်းဘေးမှာ ကျနေတဲ့ လက်နက်ကြီး တလက်ကိုတွေ့လို့ အဖော်နဲ့အတူ ဆင်းကောက်လိုက်ကြောင်း၊ သူတို့က လက်နက်ကြီးကိုင်လာလို့ ထော်လဂျီပေါ်က လူတွေကြောက်ပြီး သူ့ကိုမတင်တော့ဘဲ လမ်းလျှောက်ခိုင်းရာ ယာတဲနားမရောက်ခင်ပေါက်ကွဲ သွားတာလို့ နမ့်ပေါင်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရွာသား တယောက်က ထော်လဂျီပေါ်ကနေ လက်နက်ကြီးကို လှမ်းတွေ့လို့ ဆင်းကောက်တာတဲ့၊ ဘာဖြစ်လို့ကောက်လဲတော့မသိဘူး။ သူကကောက်တော့ ထော်လဂျီပေါ်ကလူတွေ ကြောက်လို့ သူ့ကို ငါတို့နဲ့မလိုက်ခဲ့နဲ့ နင့်ဖာနင်လမ်းလျှောက်သွားလို့ပြောတာ၊ သူနဲ့ သူ့သူငယ်ချင်းလည်း လမ်း လျှောက်သွားတယ်။ ခဏကြာတော့ အဲဒီလက်နက်က ပေါက်ကွဲသွားတာ။ သူနဲ့ သူ့သူငယ်ချင်းက ပွဲချင်းပြီးသေတယ်။ ဘေးကရွာသား ၂ ယောက် ဒဏ်ရာရသွားတယ်။”
ဒဏ်ရာရသူတွေကတော့ အသက် ၃၀ ရွယ် စိုင်းမွန်းလင်းနဲ့ အသက် ၄၅ နှစ်ရွယ် စိုင်းမူးတို့ဖြစ်ပြီး တယောက်က မျက်လုံး၊ ဦးခေါင်းနဲ့ လက်မှာ ထိကာ လက်ချောင်း ၃ ချောင်း ပြတ်ထွက်သွားကြောင်း၊ နောက်တယောက်က လက်နဲ့ ပေါင်ရင်းမှာ ထိသွားပြီး လူမှုကူညီရေး အသင်းတွေက လားရှိုး စစ်ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
သေဆုံးသူ နှစ်ယောက်ကတော့ အသက် ၂၅ နဲ့ ၃၀ ကြား လူငယ်တွေဖြစ်ပြီး အမည်ကိုတော့ မသိရဘဲ သူတို့ရဲ့အလောင်းကိုမနေ့က သင်္ဂြိုဟ်ခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာ တဝိုက်မှာ SSPP/SSA ရှမ်းတပ် ၊ TNLA ပလောင်တပ်နဲ့ MNDAA ကိုးကန့် တပ်ဖွဲ့တွေ လှုပ်ရှားနေပြီး ပြီးခဲ့တဲ့အပတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ သေးတယ်လို့ နမ့်ပေါင်ဒေသခံက ပြောပါတယ်။