close

ထိုင်းနိုင်ငံတွင် ကြိုပို့ဘတ်စ်ကားပေါ်က တရားမဝင်မြန်မာအလုပ်သမား ၄၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ရာ့ချ်ပူရီခရိုင်ထဲမှာ အထောက်အထားမရှိဘဲ ကြိုပို့ဘတ်စ်ကားစီးပြီး အလုပ်ဆင်းတဲ့ မြန်မာအလုပ်သမား ၄၃ ဦး အဖမ်းခံရတယ်လို့ မန်နေဂျာအွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၂၂ ရက်က ဖစ်ချ်ပူရီ၊ ရာ့ချ်ပူရီခရိုင်ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဘန်ဖဲ- ရာ့ချ်ပူရီ အဝေးပြေးလမ်းမကြီးပေါ်မှာ တာဝန်ထမ်းဆောင်စဉ် ဘန်ဖဲဘက်ကနေ လူအပြည့်တင်ဆောင်လာ တဲ့ အပြာရောင်ဘတ်စ်ကား တစီးပေါ်မှာ တချို့လူတွေ မတ်တပ်ရပ်ပြီး လိုက်ပါစီးနင်းလာ တာကိုတွေ့လို့ မသင်္ကာတာနဲ့ ရပ်တံ့စစ်ဆေးခဲ့တယ်လို့  တာဝန်ရှိသူ တဦးကပြောပါတယ်။ 

ကားပေါ်မှာ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၄၃ ဦးလိုက်ပါလာပြီး မြန်မာအလုပ်သမားတွေဖြစ်ကာ နေထိုင်ခွင့်အထောက်အထား၊ ပတ်စပို့နဲ့ အလုပ်သမား ကတ်တွေပါ တစုံတရာမှမရှိကြဘူးလို့  ဆိုပါတယ်။

ယာဉ်မောင်းသမားမှာ အသက် ၆၅ နှစ်ရွယ် နိုင်းဖိုင်းဘွန်း ကျန်ထာ့မာဆိုသူဖြစ်ပြီး သူဟာ အဲဒီအလုပ်သမားတွေကို စမွတ်စခွန်းခရိုင် ဘန့်ဖယောက်မြို့နယ်ဘက်က တင်ဆောင်လာပြီး ရာ့ချ်ပူရီခရိုင် ဒမ်းနိန်းဆဒုတ်မြို့နယ် ဒွန်ကလွေးအုပ်စုရှိ အုန်းသီးစက်ရုံမှာ အလုပ်သွားလုပ်ဖို့ ကားခ ၁ ရက် ဘတ် ၄၀၀ နဲ့ နေ့စဉ်အကြိုအပို့ လုပ်နေတာဖြစ်ကြောင်း၊ အဆိုပါအလုပ်သမား တွေဟာ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေဖြစ်တယ်ဆိုတာကိုလည်း မသိရဘူးလို့ ပြောပါတယ်။ 

တာဝန်ရှိသူတွေကတော့ ယာဉ်မောင်းသမားနဲ့ တရားမဝင်အလုပ်သမားတွေကို လဝက ဥပဒေ၊ အလုပ်သမားဥပဒေတွေနဲ့ အရေးယူဖို့ ဘန်ဖဲနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး အလုပ်ရှင်ကို လည်း ဆက်လက်ခေါ်ယူစစ်ဆေးသွားမယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

ကိုးကား - https://mgronline.com/local/detail/9660000026992

Up