close

မန္တလေးတွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ၊ လက်လုပ်ဗုံး၂ လုံးတွေ့၊ ၁ လုံး ပေါက်ကွဲ

မန္တလေးမြို့မှာ မတ်လ ၂၄ ရက်က  စစ်ကောင်စီခန့်ရာအိမ်မှူး အမျိုးသမီးတယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

မနေ့ မွန်းတည့် ၁၂ နာရီလောက်က ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၇ B လမ်း ( ၁၁၉× ၁၂၀ ) လမ်းကြားက လူနေအိမ်တအိမ်ရှေ့မှာ အသက် ၅၉ နှစ်အရွယ် ရာအိမ်စုမှူး အမျိုးသမီးဟာ ပန်းအိုးတွေကို ရေလောင်းနေချိန်မှာ အမည်မသိဆိုင်ကယ်စီးသေနတ်သမား ၂ ဦးက သေနတ် ၂ ချက်ပစ်ခတ်ခဲ့တာပါ။

ပစ်ခတ်ခံရတာကြောင့် ညာလည်ပင်းဖောက်ဝင် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားပြီး ရုပ်အလောင်းကိုမန္တလေးဆေးရုံပို့ဆောင်ခဲ့တယ်လို့  မြို့ခံလူမှုကယ်ဆယ်ရေးအသင်းက ဆိုပါတယ်။

ဒေသခံလူမှုကယ်ဆယ်ရေးအသင်းဝင်တယောက်က "သင်ပန်းကုန်းရာအိမ်မှူးလို့ ပြောတယ်၊ လည်ပင်းပေါက်ပြီး သွေးထွက်လွန်နဲ့ DB ဖြစ်သွားပါပြီ။  မိသားစုဝင်တွေရှိနေတဲ့ အချိန်ဖြစ်သွားတာလို့ ပြောတယ်။ ကျည်ဆန် ၂ ချက်မှာ ၁ ချက်ပဲ ထိထားတာ။ မန္တလေးဆေးရုံကြီး ပို့ထားပြီးပါပြီ"လို့ပြောပါတယ်။

မတ်လ ၂၄ ရက်မှာပဲ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၆၄ လမ်း (၂၄× ၂၅ ) လမ်းကြားမှာ မနက် ၉ နာရီခွဲလောက်က  ကီးပတ်ဖုန်းချိတ် လက်လုပ်ဗုံး ၂ လုံးကို စစ်ကောင်စီဘက်က ရှာတွေ့ခဲ့ပါတယ်။

ဗုံးတွေ့ရှိနေရာနဲ့ ကိုက် ၂၀ လောက်အကွာမှာလည်း မနက် ၁၀ နာရီ မိနစ် ၂၀ လောက်က  လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူတွေထိခိုက်မှု သတင်းတွေကတော့ မကြားသိရပါဘူး။

Up