လုပ်ခလစာတိုးမြှင့်ရရှိရေး ဘာလင်တွင် အလုပ်သမား ၅၀၀၀ ခန့် ဆန္ဒပြ

ဂျာမနီနိုင်ငံ မြို့တော်ဘာလင်မှာ အများပြည်သူဝန်ဆောင်မှုကဏ္ဍတွေဖြစ်တဲ့ ဆေးရုံ၊ မီရထားစနစ်၊ စာပို့ဝန်ဆောင်မှုနဲ့ ရေပေးဝေရေးဌာနတွေက အလုပ်သမား ၅၀၀၀၀ လောက်ဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် မတ် ၂၅ ရက်က အထင်ကရ ဘရန်ဒန်ဘာ့ဂ်ဂိတ်မှာ စုစည်းဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို အလုပ်သမားသမဂ္ဂ ၃ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာတာနဲ့အမျှ လူအများစုအတွက် နေထိုင်မှုစရိတ်ကလည်း တိုးမြင့်လာခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒါကြောင့် လစာတိုးမြှင့်ပေးဖို့နဲ့ နေထိုင်ငှားရမ်းစရိတ် လျှော့ချပေးဖို့ တောင်းဆိုခဲ့ကြတဲ့အပြင် လာမယ့် တနင်္လာနေ့စပြိး နောက်ထပ်သပိတ်မှောက်ဆန္ဒပြဖို့အတွက် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ဒီလို သပိတ်မှောက်ဆန္ဒပြမှုကြောင့် မီးရထား၊ လေကြောင်းနဲ့ မြို့တွင်းသယ်ယူပို့ဆောင်ရေး စနစ်တွေအပြင် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု ကဏ္ဍတွေမှာလည်း သက်ရောက်မှု ရှိလာနိုင်ပါတယ်။
“ဒီနေ့ ကျနော်တို့ ဆန္ဒပြရတာဟာ ဘာလင်ရဲ့ နေထိုင်စားသောက်မှုစရိတ်က လူအများစုအတွက် အလွန်ဈေးကြီးနေပြီး ကျနော်တို့ ဒီဝင်ငွေနဲ့တင် ရှင်သန်နေထိုင်ဖို့ ခက်ခဲလာတာကြောင့် ဖြစ်ပါတယ်” လို့ EVG အလုပ်သမားသမဂ္ဂရဲ့ ဘာလင်နယ်မြေဥက္ကဋ္ဌ မိုက်ကယ် ဘာတယ်က မှတ်ချက်ပေးပါတယ်။
မကြာသေးခင်က ဂျာမနီနိုင်ငံတဝန်းမှာ မတူညီတဲ့လုပ်ငန်းတွေပါဝင်တဲ့ သပိတ်မှောက် ဆန္ဒပြမှုတွေလည်း ဆက်တိုက် ဖြစ်ပွားခဲ့ပါသေးတယ်။
ဂျာမနီအစိုးရကတော့ စေ့စပ်ညှိနှိုင်းမှုကတဆင့် ဘုံသဘောတူညီနိုင်မယ့် အဖြေရှာဖို့ အပါအဝင် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝမှာ သက်ရောက်မှုလျှော့ချဖို့အတွက်လည်း အဖွဲ့အစည်းအသီးအသီးကို တောင်းဆိုခဲ့ပါတယ်။
ယူကရိန်း-ရုရှားအကြား စစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားစဉ်ကတည်းက အမေရိကန်နဲ့အတူ နောက်ပိုင်းမှာ ဥရောပနိုင်ငံတွေကလည်း ရုရှားအပေါ် အရေးယူပိတ်ဆို့မှု အများအပြား ချမှတ်လာခဲ့ပြီး ဒီလိုအရေးယူပိတ်ဆို့မှုတွေရဲ့ ဆိုးကျိုးအဖြစ် ငွေကြေးဖောင်းပွမှု မြင့်တက်လာရာ က အလုပ်ရှင်တွေနဲ့ သမဂ္ဂတွေအကြား ပိုမိုတင်းမာလာခဲ့ကြတာ ဖြစ်ပါတယ်။