close

အီကွေဒေါတွင် မြေပြိုကျပြီး လူ ၇ ဦး သေဆုံး ၅၀ ခန့် ပျောက်ဆုံး

အီကွေဒေါနိုင်ငံ၊ အန်ဒီယမ်ဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်လာတဲ့ မြေပြိုမှုကြောင့် လူ ၇ ဦး ထက် မနည်းသေဆုံးသွားပြီး ဒဏ်ရာရသူ ၂၃ ဦး ပျောက်ဆုံးနေသူ ၅၀ နီးပါး ရှိကြောင်း နိုင်ငံရဲ့ ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက မတ် ၂၇ ရက်က ပြောပါတယ်။

အီကွေဒေါနိုင်ငံ ချင်မ်ဘိုရာဇိုပြည်နယ်ရှိ အလောက်စီမြို့မှာ မြေပြိုမှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း အစောပိုင်းက အေဂျင်စီက သတင်းထုတ်ပြန်ခဲ့တာ ပြန်လည်ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ 

မတ် ၂၆ ရက်ညပိုင်းက အလောက်စီမြို့ရဲ့ နေရာတချို့မှာ မြေကြီးအမြောက်အမြား ပြိုကျပြီး နောက် လူ ၃၂ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်ကာ သဘာဝဘေးကြောင့် စုစုပေါင်း လူ ၅၀၀ နဲ့ အိမ်ခြေ ၁၆၃ လုံး ထိခိုက်ခဲ့ကြောင်း အေဂျင်စီက ပြောပါတယ်။

မြေပြိုမှုအတွင်း ပျောက်ဆုံးသွားသူတွေရဲ့ ဆွေမျိုးတွေနဲ့ ဒေသခံတစ်ဦးဖြစ်သူ လူးဝစ္စ် အန်ဂျယ်လ် ဂွန်ဇာလေ့ဇ်က သူပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးခဲ့ရကြောင်း မျက်ရည်တွေကို ထိန်းပြီး ပြောပြပါတယ်။ 

ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေအတွင်း အသက်ရှင် ကျန်ရစ်သူတွေကို ခွေးတွေ အကူအညီနဲ့ ရှာဖွေခဲ့ကြပါတယ်။  တချို့နေရာတွေမှာ အိမ်အများစုဟာ မြေကြီးထဲ မြုပ်သွားကုန်ကြောင်း ရိုက်တာ မျက်မြင်သက်သေ တစ်ဦးက ပြောပြပါတယ်။ 

အလောက်စီ မြို့တော်ဝန် ရိုဒရီဂိုရီယာရဲ့ ပြောကြားချက်အရ ထိခိုက်ဒဏ်ရာရသူ အများစုဟာ အစောပိုင်းက သူတို့ကို အရင်ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် တညလုံးနေလိုက်ရတယ်လို့ ဆိုပါတယ်။ 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အီကွေဒေါနိုင်ငံတဝန်းရှိ လမ်းတွေ၊ တံတားတွေနဲ့ တခြားအခြေခံ အဆောက်အဦတွေလည်း ပျက်စီးခဲ့ပါတယ်။ 

သမ္မတ ဂီလာမိုလာ့ဆိုဟာ အခုလအစောပိုင်းမှာ ပြင်းထန်တဲ့ ရာသီဥတုနဲ့ အားပြင်း ငလျင်ဒဏ် ကြောင့် အဆိုးရွားဆုံး ဘေးဒဏ်ခံရတဲ့ ပြည်နယ် ၁၄ ခုမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ ပါတယ်။  

Up