အသင်းကြီး ၃ သင်းနှင့် ဆက်တိုက်ကစားရမှာက ချန်ပီယံလိဂ်ကစားရသလိုဖြစ်မည်ဟု လီဗာပူးနည်းပြပြော

လာမယ့်တစ်ပတ်အတွင်းမှာ ထိပ်တန်းအသင်းကြီး ၃ သင်းနဲ့ ဆက်တိုက်ကစားရမယ့် အခြေအနေဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရသလို ဖြစ်လာမယ်လို့ လီဗာပူးနည်းပြကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ စနေနေ့ညနေ ၆ နာရီမှာ မန်စီးတီး၊ ကြားရက် ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီးနဲ့ နောက်တစ်ပတ် တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းတွေနဲ့ ဆက်တိုက်ကစားရဖို့ရှိနေတာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်လိုက်ရပြီဖြစ်ပေမဲ့ အသင်းကြီးတွေနဲ့ သုံးပွဲဆက်တိုက်ကစားရမှာက ချန်ပီယံလိဂ် ပြိုင်ကကစားရသလိုဖြစ်ကြောင်း၊ အလွန်စိတ်လှုပ်ရှားစရာပွဲစဉ်တွေဖြစ်ပြီး နိုင်ငံတကာပွဲစဉ်တွေရှိလာတာက အသင်းအတွက် ပိုကောင်းတဲ့ပြင်ဆင်မှုရရှိစေကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာ လာမယ့်နွေရာသီအတွက် အပြောင်းအရွှေ့ အစီအစဉ်တွေကိုလည်း လုပ်ဆောင်ခဲ့ကြောင်း ကလော့ပ်က အသိပေးသွားပါတယ်။