close

တောင်အမေရိကနိုင်ငံများသမဂ္ဂသို့ ဘရာဇီးလ်နှင့် အာဂျင်တီးနားတို့ ပြန်ဝင်မည်

ဘရာဇီးလ်နဲ့ အာဂျင်တီးနားနိုင်ငံတို့ဟာ တောင်အမေရိကနိုင်ငံများသမဂ္ဂ (UNASUR) အဖွဲ့ကို တရားဝင် ပြန်လည်ဝင်ရောက်မယ်လို့ ကြေညာလိုက်ပါတယ်။ 

ဘရားဇီးလ်သမ္မတဖြစ်သူ လူးဝဇ် အီနာစီယို လူလာ ဒါဆေးလ်ဗား (Luiz Inacio Lula da Silva) က ဒီကြေညာချက်အပေါ်မှာ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး ဒီဆုံးဖြတ်ချက်ဟာ မေ ၆ ရက်မှာ အသက်ဝင်မယ်လို့လည်း ဆိုပါတယ်။ 

ဘရားဇီးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ တောင်အမေရိက တိုက်ရဲ့ ဒေသတွင်းပေါင်းစည်းရေးအပေါ် မြှင့်တင်မှာဖြစ်သလို ငြိမ်းချမ်းရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဇုန်တခုအဖြစ် တောင့်တင်းခိုင်မာစေမယ့် ကတိကဝတ်ကိုပါ အတည်ပြု တယ်ဆိုပြီး ပါဝင်ပါတယ်။ 

တချိန်တည်းမှာပဲ အာဂျင်တီးနားနိုင်ငံကလည်း အဖွဲ့အစည်းပြန်လည်ရှင်သန်ရေးအပေါ် မြှင့်တင်ဖို့ အပါအဝင် ပိုမိုပေါင်းစည်းထားတဲ့ ဒေသတစ်ခု တည်ဆောက်ရေးအတွက် တောင်အမေရိကနိုင်ငံများသမဂ္ဂမှာ တရားဝင် ပြန်လည်ပူးပေါင်းမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဆန်တီယာဂို ကာဖီရယ်ရိုက ဧပြီ ၆ ရက်မှာ ပြောပါတယ်။ 

၂၀၀၈ ခုနှစ်၊ မေလမှာ စတင်တည်ထောင်ခဲ့တဲ့ တောင်အမေရိကနိုင်ငံများသမဂ္ဂမှာ ဘိုလီဗီးယား၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပီရူး၊ အာဂျင်တီးနားနဲ့ ဘရားဇီးလ်စတဲ့ နိုင်ငံ ၁၂ နိုင်ငံ ပါဝင်ခဲ့ပြီး ဒေသဆိုင်ရာ အစိုးရချင်း ပေါင်းစည်းထားတဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

ကိုလံဘီယာနဲ့ အီကွေဒေါအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၈ နိုင်ငံဟာ အထွေအထွေ အတွင်းရေးမှူးချုပ် နေရာအတွက် ကိုယ်စားလှယ် ရွေးချယ်ရာမှာ သဘောတူညီမှုရရှိဖို့ ခက်ခဲနေတာကြောင့် ဒီမဟာမိတ်အဖွဲ့ကနေ နုတ်ထွက်ကြောင်း ၂၀၁၈ ခုနှစ်၊ မေလမှာ ကြေညာခဲ့ပါတယ်။ 

ဘရားဇီးလ်နဲ့ အာဂျင်တီးနားနိုင်ငံတို့ကလည်း ၂၀၁၉ ခုနှစ် တနှစ်တည်းမှာတင် ဒေသဆိုင်ရာသမဂ္ဂကနေ နုတ်ထွက်ခဲ့ကြတာပါ။ 

၂၀၂၀ ခုနှစ်မှာ ဥရုဂွေးနိုင်ငံကပါ နုတ်ထွက်ခဲ့တာကြောင့် တောင်အမေရိနိုင်ငံများသမဂ္ဂမှာ ဂိုင်ယာနာ၊ ဆူရီနမ်၊ ဘိုလီးဗီးယား နဲ့ ဗင်နီဇွဲလားနိုင်ငံတို့သာ ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

Up