ရုရှားစစ်သားများက ယူကရိန်းစစ်သုံ့ပန်းကို ခေါင်းဖြတ်သတ်

ရုရှားစစ်သားတွေက ယူကရိန်းစစ်သုံ့ပန်း တယောက်ကို ဓားနဲ့ခေါင်းဖြတ်သတ်နေပုံကို ရုရှားစစ်သားတွေ ကိုယ်တိုင်က ရိုက်ကူးထားတယ်လို့ ယူဆရတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာ ထွက်ပေါ်လာပြီးနောက် ယူကရိန်းသမ္မတက ရုရှားကို အိုက်အက်စ်အဖွဲ့နဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။
ယူကရိန်းစစ်သားတွေသုံးတဲ့ အဝါရောင်လက်ပတ်ကြိုးကို ဝတ်ထားတဲ့ အမျိုးသားတစ်ဦးကို စစ်တပ်ယူနီဖောင်းဝတ်ထားတဲ့ အမျိုးသားတစ်ဦးက ခေါင်းဖြတ်ထားတဲ့ ဗီဒီယိုရဲ့ စစ်မှန်မှု ဒါမှမဟုတ် သက်သေအထောက်အထားကို ချက်ချင်း အတည်မပြုနိုင်သေး ပါဘူး။
ရုရှားအစိုးရကလည်း ဗီဒီယိုနဲ့ ပတ်သက်ပြီး ချက်ချင်း မှတ်ချက် မပေးသေးဘဲ၊ ရုရှားတပ်တွေဟာ မနှစ်က စတဲ့ ရုရှားရဲ့ ကျူးကျော်မှုအတွင်း ရက်စက်ကြမ်းကြုတ်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်ကို အရင်ကတည်းက ငြင်းဆိုထားပါတယ်။
"ကမ္ဘာပေါ်မှာ ဘယ်သူမှ လျစ်လျူမရှုနိုင်တဲ့အရာတစ်ခုရှိတယ်၊ ဒီသားရဲတိရစ္ဆာန်တွေက ဘယ်လောက်လွယ်လွယ်ကူကူသတ်ပစ်လဲ။ ယူကရိန်း စစ်သုံ့ပန်းကို ကွပ်မျက်လိုက်တဲ့ ဒီဗီဒီယိုကို ကမ္ဘာက မြင်တွေ့ရမှာပါ။ ဒါက ရုရှားနိုင်ငံရဲ့ တကယ့်ဗီဒီယိုတစ်ခုပါ"လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
"အရာရာတိုင်းအတွက် တရားဥပဒေအတိုင်း တာဝန်ရှိပါတယ်။ အကြမ်းဖက်မှုကို အနိုင်ယူဖို့ လိုအပ်ပါတယ်" လို့လည်း ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရို ခူလေဘာက "ယူကရိန်း စစ်သုံ့ပန်းတစ်ဦးကို ဖြတ်တောက်နေတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ ကြောက်စရာကောင်းတဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ ISIS ထက် ပိုဆိုးတဲ့ ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဥက္ကဋ္ဌလုပ်ရတာ အဓိပ္ပာယ်မရှိဘူး” လို့ပြောပါတယ်။
ရုရှားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဒီလထဲမှာ တာဝန်ယူခဲ့တာကို ရည်ညွှန်းပြီး သူက ပြောခဲ့တာပါ။
"ရုရှားအကြမ်းဖက်သမားတွေကို ယူကရိန်းနဲ့ ကုလသမဂ္ဂကနေ ထုတ်ပယ်ပြီး သူတို့ရဲ့ ရာဇ၀တ်မှုတွေအတွက် တာဝန်ခံခိုင်းရမယ်လို့လည်း သူက ဆက်ပြောပါတယ်။
အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အဲ့စ် စစ်သွေးကြွတွေဟာ ၂၀၁၄ ကနေ ၂၀၁၇ ခုနှစ်ကြား ကာလတွေတုန်းက အဲဒီနိုင်ငံတွေရဲ့ နယ်မြေတွေကို ထိန်းချုပ်ထားချိန်မှာ သုံ့ပန်းတွေကို ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုတွေထုတ်လွှင့်မှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ဖူးပါတယ်။
ယူကရိန်းပြည်တွင်းလုံခြုံရေးအေဂျင်စီက ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး စစ်ရာဇ၀တ်မှု သံသယကို စပြီး စုံစမ်းစစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။