ယူကရိန်းအရှေ့ပိုင်း၌ ရုရှားစစ်သား ရာဂဏန်းခန့် သေဆုံးဟု ဇလန်းစကီး ပြော

ယူကရိန်းအရှေ့ပိုင်း ဒွန်းညက်ဒေသဟာ တိုက်ပွဲတွေဖြစ်ပွားရာ ဗဟိုအချက်အခြာနေရာအဖြစ် ဆက်လက်ရှိနေပြီး ရုရှားစစ်သားတွေ နေ့စဉ် ရာဂဏန်းလောက် သေဆုံးနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက နိုဝင်ဘာ ၇ ရက်မှာ ပြောပါတယ်။
အဲဒီဒေသမှာ ရုရှားစစ်သားတွေ နေ့တိုင်း ရာနဲ့ချီ သေဆုံးနေပြီး ယူကရိန်း ရှေ့တန်းစစ်မျက်နှာမှာ ရုရှားစစ်သားတွေရဲ့ ရုပ်အလောင်းတွေ အပျက်အစီး အပိုင်းအစတွေနဲ့ ပြည့်နှက်နေတယ်လို့ ယူကရိန်းသမ္မတက ညစဉ်ထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောသွားတာပါ။
ရုရှားတွေ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ယူကရိန်းနိုင်ငံရဲ့ စွမ်းအင် ဆိုင်ရာ အခြေခံ အဆောက်အအုံတွေနဲ့ ရေပေးဝေရေတွေ ပျက်စီးခဲ့ကာ တနိုင်ငံလုံးရဲ့ ၄၀ ရာခိုင်နှုန်းလောက်အထိ ရေနဲ့လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
ယူကရိန်းသမ္မတကတော့ သူ့တပ်သားတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ တက်ကြွနေဆဲဖြစ်ပြီး ရုရှားတပ်တွေကို တဖြည်းဖြည်းချင်း တိုက်ထုတ်နေတယ်လို့ ပြောဆိုထားပါတယ်။