လျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားမှုဖြင့် အမေရိကန်လေတပ်က အိုင်တီကျွမ်းကျင်သူ ၁ ဦး ဖမ်းဆီးခံရ

မဟာမိတ်တွေကို အရှက်ရစေတဲ့ အမေရိကန် လျှို့ဝှက်စာရွက်စာတမ်းတွေ အွန်လိုင်းမှာ ပေါက်ကြားမှုကြောင့် FBI ဟာ အမေရိကန်လေတပ် အမျိုးသားအစောင့်တပ်ဖွဲ့မှာ အိုင်တီနည်းပညာကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နေသူတဲ့ တပ်ဖွဲ့ဝင် တယောက်ကို ဧပြီလ ၁၃ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
FBI အေးဂျင့်တွေဟာ မနေ့မွန်းလွဲပိုင်းမှာ မက်ဆာချူးဆက်ပြည်နယ်၊ နော့သ်ဒိုက်တန်ရှိ နေအိမ်မှာ အသက် ၂၁ နှစ်အရွယ် ဂျက်ခ်တက်ဆေရာကို နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ ဖယ်ရှားခြင်း၊ ထိန်းသိမ်းထားခြင်းနဲ့ ထိပ်တန်းလျှို့ဝှက် အရေးကြီးအချက်အလက်တွေကို ဖြန့်ဖြူးခြင်းတို့နဲ့ ဆက်စပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း အမေရိကန်ရှေ့နေချုပ် မားရစ်ခ် ဂါးလန်းဒ်က ပြောပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုကို ဆက်လုပ်ဆောင်နေပြီး သင့်တော်တဲ့အချိန်မှာ နောက်ထပ် အချက်အလက်တွေကို မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။
သတင်းချန်နယ်တွေမှာ ပြသထားတဲ့ ဗီဒီယိုပုံတွေမှာ မန်ဆာချူးဆက်ပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင် အများအပြားဟာ မီးခိုးရောင်တီရှပ်နဲ့ အနီရောင်ဘောင်းဘီတိုကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ဦးကို စောင့်ဆိုင်းနေတဲ့ကားဆီ ခြံရံခေါ်ဆောင်သွားတာကို မြင်တွေ့ရပါတယ်။
လျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားမှုဟာ တမင်တကာ ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ ရာဇ၀တ်မှုတစ်ခုဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။
ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထ်ရိုက်ဒါ က စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို တရားရေးဌာနကို လွှဲပြောင်းပေးထားပါတယ်။
အထိခိုက်မခံဆုံးသော ပေါက်ကြားမှုအသေးစိတ်တချို့မှာ ယူကရိန်းရဲ့ စစ်ရေးစွမ်းရည်နဲ့ ချို့ယွင်းချက်တွေအကြောင်း၊ အစ္စရေး၊ တောင်ကိုရီးယားနဲ့ တူရကီတို့ အပါအဝင် အမေရိကန် မဟာမိတ်တွေအကြောင်း အချက်အလက်တွေနဲ့ ဆက်စပ်နေတယ် လို့ ယူဆရပါတယ်။
ပေါက်ကြားခဲ့တဲ့ အမျိုးအစားခွဲထားတဲ့ စာရွက်စာတမ်းတွေရဲ့ အရင်းအမြစ်ကို ရှာမတွေ့မချင်း စုံစမ်းစစ်ဆေးသွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုဒ် အော်စတင်က ဧပြီ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန် မဟာမိတ်တချို့နဲ့ ပြိုင်ဘက်တချို့ရဲ့ စစ်ရေးစွမ်းရည်အသေးစိတ်တွေကို ဖော်ပြထားတဲ့ မတ်လတုန်းက လူမှုကွန်ယက် မီဒီယာစာမျက်နှာတွေပေါ်မှာ ပထမဆုံး ပေါ်လာတဲ့"လျှို့ဝှက်ချက်" နဲ့ "ထိပ်တန်းလျှို့ဝှက်ချက်" လို့ တံဆိပ်တပ် ထားတဲ့ စာရွက်စာတမ်း ၅၀ ကျော်ကို ရိုက်တာသတင်းဌာနက ပြန်သုံးသပ်ခဲ့ပေမယ့် စာရွက်စာတမ်းတွေကို စစ်မှန်ကြောင်း သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။
ဒီစာရွက်စာတမ်းတွေကို ဖေဖော်ဝါရီ ၂၈ ရက်နဲ့ မတ်လ ၁ ရက်နေ့ ရက်စွဲတွေနဲ့ ပို့စ်တင်ထားတာကို ပင်တဂွန်စစ်ဌာနချုပ်က သိခဲ့ပေမယ့် အရင်က အွန်လိုင်းပေါ်မှာ တခြားစာရွက်စာတမ်းတွေ ရှိ၊ မရှိ မသေချာဘူးလို့ ပြောခဲ့ပါတယ်။
အခုပေါက်ကြားမှုတွေဟာ ဝီကီလိခ်စ်မှာ ၂၀၁၃ ခုနှစ်က စာရွက်စာတမ်း ထောင်ပေါင်းများစွာကို ထုတ်ဝေပြီးနောက်ပိုင်းအမေရိကန်အစိုးရအတွက် ထိခိုက်အပျက်အစီးဆုံး ထုတ်ပြန်မှုဖြစ်နိုင်တယ်လို့ ရိုက်တာ သုံးသပ် ထားပါတယ်။
စာရွက်စာတမ်းတွေ ပေါက်ကြားထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး အမေရိကန်တရားရေးဌာနက ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဖွင့်လှစ်ခဲ့ပါတယ်။