အင်္ဂလန်လူငယ်တိုက်စစ်မှူး ဘာလိုဂမ်ကို အမေရိကန်လက်ရွေးစင်ကိုယ်စားပြုကစားရန် ကြိုးပမ်း

အင်္ဂလန်ယူ ၂၁ တိုက်စစ်မှူးဘာလိုဂမ်ကို အမေရိကန်လက်ရွေးစင်အသင်းကြီးမှာ ကိုယ်စားပြုကစားဖို့ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဘက်က ကြိုးပမ်းနေပါတယ်။
အာဆင်နယ်တိုက်စစ်မှူးဟာ ပြင်သစ်ကလပ်ရန်းစ်အသင်းမှာ အငှားထွက်ကစားနေပြီး စုစုပေါင်းသွင်းဂိုး ၁၉ ဂိုးသွင်းပြီး ခြေစွမ်းပြနေတာပါ။
ဘာလိုဂမ်ကို နိုင်ဂျီးရီးယားမိဘတွေက အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ မွေးခဲ့တာဖြစ်ပြီး အသက် ၂ နှစ်အရွယ်မှာ အင်္ဂလန်ကို ပြောင်းရွှေ့အခြေချခဲ့တာပါ။
ဒါကြောင့် အင်္ဂလန်ယူ ၂၁ အသင်းမှာကစားခဲ့သည့်တိုင်အောင် အမေရိကန်နဲ့ နိုင်ဂျီးရီးယားအသင်းတွေမှာလည်း ကိုယ်စားပြု ကစားခွင့်ရှိပါတယ်။ အမေရိကန်အသင်းဟာ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အတွက် အားကိုးရနိုင်မယ့် နံပါတ် ၉ တိုက်စစ်မှူးတစ်ဦး အလိုရှိနေတာဖြစ်ပြီး ဘာလိုဂမ်ကို နိုင်ငံကိုယ်စား ပြုပြောင်းလဲဖို့ ဆွေးနွေးနေတာပါ။
ဘာလိုဂမ်ကို အခုနှစ်ရာသီ မပြီးဆုံးခင်အထိ ဖိအားပေးဆွေးနွေးသွားမှာမဟုတ်ဘဲ ရာသီပြီးဆုံးချိန်ရောက်မှ အချိန်ယူပြီး စည်းရုံးသွားဖို့ အမေရိကန်ဘောလုံး အဖွဲ့ချုပ်က စီစဉ်ထားပါတယ်။